Wednesday, November 1, 2017

ထပ်တလဲလဲ ဘတ်ဂျက်လိုငွေနဲ့ Other Accounts ငွေတွေ ပြည်သူ့ဘဏ္ဍာဆီ ပြန်ဝင်လာရေး


ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကနဦး ဘတ်ဂျက်လိုငွေပေါင်း ကျပ်ဘီလျံ ၁၃၀၀၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလတွေအထိ တွက်ချက်မှုတွေအရဆိုရင် ၂၀၁၁-၂၀၁၂ ကနေ ၂၀၁၄-၂၀၁၅ အထိ ဘတ်ဂျက်လိုငွေတွေက မူလခန့်မှန်းခြေမှာ ပျမ်းမျှ ၄ ဒသမ ၄၂ ရာခိုင်နှုန်း ရှိပေမယ့် အမှန်စာရင်းမှာ ဆိုရင် ၂ ဒသမ ၀၈ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါတွေကဘာ့ကြောင့် ဖြစ်ရတာလဲဆိုတော့ အမှန်တကယ် မလုပ်နိုင်ဘဲ ဘတ်ဂျက်ဆိုတာ ပိုတင်ရမယ်။ ဖြတ်ချတာနဲ့မှအကိုက် ဘဲဆိုတဲ့ ၀န်ကြီးဌာနတွေရဲ့ မပြောင်းလဲနိုင်သေးတဲ့ စိတ်ဓာတ်တွေနဲ့ အမှန်တကယ် လိုအပ်မှု ရှိ၊ မရှိ မဆန်းစစ်နိုင်ဘဲ အနည်းငယ်သာ ဖြတ်ချပြီး တောင်းသလောက် ခွင့်ပြုလိုက်ရတဲ့ လွှတ်တော်ရဲ့ အားနည်းချက်ကြောင့် လို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘဏ္ဍာနှစ် တစ်နှစ်ကုန်ဆုံးလို့ ဘတ်ဂျက်အမှန်စာရင်း ထွက်လာတိုင်းမှာ လိုငွေပမာဏဟာ ကနဦးတွက်ချက်မှုတွေထက် လျော့နည်းခဲ့တာ တွေ့ရမှာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းအတွင်းမှာ လိုငွေစုစုပေါင်းဟာ ကျပ် ၈၀၂၈ ဘီလျံခန့်သာ ရှိခဲ့ပါတယ်။ လက်ရှိ ဦးထင်ကျော်အစိုးရလက်ထက် ပထမသက်တမ်းမှာတင် လိုငွေက ကျပ် ၄၀၁၅ ဘီလျံကျော်ဖြစ်လာခဲ့လို့ ပထမသက်တမ်းမှာတင် အရင်အစိုးရရဲ့ ငါးနှစ်တာရဲ့ ထက်ဝက်ကို ကျော်ဖြတ်သွားပြီဆိုရမှာပါ။ ဒီနေရာမှာ အမှန်စာရင်းကျရင် ဘတ်ဂျက် လိုငွေဟာ ကျပ် ၄၀၂၅ ဘီလျံထက် လျော့ကျသွားနိုင်တယ်ဆိုပေမယ့် တိုင်းပြည်က ဘတ်ဂျက်လိုငွေအတွက်  ဗဟိုဘဏ်ကနေ ငွေရိုက်ထုတ်ပြီး ဖြည့်စွက်ရတာတွေကို လုပ်ခဲ့ရလို့ ငွေဖောင်းပွမှုမြင့်တက်လာတာ ကုန်ဈေးနှုန်းမြင့်တက်လာ တာတွေက ဖြစ်လာနေခဲ့ပြီးဖြစ်လို့ အခြေခံလူတန်းစားတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်မှုမှာ လက်ရှိမှာကို အရင်အစိုးရလက်ထက် နောက်ဆုံးနှစ်ကထက်အထိနာနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်အလိုက် ဘတ်ဂျက်လိုငွေတွေမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၁၆၃၀၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁၂၅၁ ဘီလျံ ၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၇၀၆ ဘီလျံ၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၇၈၂ ဘီလျံ ရှိခဲ့ပြီး ၂၀၁၅- ၂၀၁၆ ရွေးကောက်ပွဲနှစ်မှာ ကျပ် ၃၆၅၉ ဘီလျံ အထိလိုငွေဖြစ်ခဲ့လို့ ရွေးကောက်ပွဲနှစ်ဟာ လိုငွေအများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။  ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ဘတ်ဂျက်ကို ဆက်ခံရတဲ့ လက်ရှိ ဦးထင်ကျော်အစိုးရ ပထမသက်တမ်း ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှာ လိုငွေကျပ် ဘီလျံ ၄၀၀၀ ကျော်ဖြစ်လို့ လိုငွေအများဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ နှစ်လည်းဖြစ်နေပါတယ်။ လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာလည်း ဘတ်ဂျက်လိုငွေဟာ ကနဦး ဘတ်ဂျက်လိုငွေက မူလခန့်မှန်းခြေမှာ ကျပ် ၃၉၈၉ ဘီလျံကျော်ပဲရှိပေမယ့် တကယ့်တကယ်မှာတော့ ၃၉၉၅ ဘီလျံကျော် အထိဖြစ်လာတဲ့အပြင် လက်ရှိဖြည့်စွက်ခွင့်တောင်းတဲ့ ထပ်တိုးဘတ်ဂျက်ဟာ ၂၅၄၄ ဒသမ ၇၃၇ ဘီလျံဖြစ်လို့ အလွန့်အလွန်ကို များနေခဲ့ပါပြီ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုက နေရာတိုင်းမှာ လိုအပ်ချက်အပြည့်နဲ့ တည်ဆောက်ရမှာပါ။ ဒါပေမဲ့ တိုင်းပြည်အခြေအနေကို ပြန်မကြည့်ဘဲ ဘတ်ဂျက်ရသမျှကို တောင်းနေမယ်။ ဘာမှလည်း အကျိုးမဖြစ်ထွန်းဘူး။ အဂတိလိုက်စားမှုကိုလည်း မတိုက်ဖျက်နိုင်ဘဲ ဆီးသီးဗန်းမှောက်ဘတ်ဂျက် ဆက်ဖြစ်နေဦးမယ်ဆိုရင်တော့ တိုင်းပြည်ဖွံ့ဖြိုးရေးအိပ်မက်ဟာ ပျက်သုဉ်းသွားမှာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်ဘတ်ဂျတ်ဟာ အဟောသိကံများပြားနေပြီး အထူးသဖြင့် တင်ဒါခေါ်ယူမှုတွေမှာ ပြဿနာအများဆုံး ဖြစ်နေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ  စီးပွားရေးကော်မတီ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားပြီး လက်ရှိအစိုးရ၏ ဦးစားပေးမူဝါဒတွေဖြစ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ပြည်သူ့ ဘဏ္ဍာငွေစီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးတွေကို ကူညီပံ့ပိုးနေတဲ့ Renaissance Institute ရဲ့ အကြံပေးဦးစိန်ဌေးက သုံးသပ်ထားပါတယ်။

“နိုင်ငံတော်ဘတ်ဂျက်က အဟောသိကံများနေတယ်။ အထူးသဖြင့် ဘယ်နေရာမှာ များနေလဲဆိုရင် တင်ဒါပြဿနာတွေမှာ များနေတာ။ ကျွန်တော် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေဆီသွားပြီး ကူတာရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့နိုင်ငံမှာ စီမံကိန်းနဲ့ ဘတ်ဂျက်က လိုက်လျောညီထွေ မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီအပိုင်း လေးတွေမှာ အသုံးစရိတ်က အနည်းအပါး အပြောင်းအလဲလေး ရှိပါတယ်”လို့ ဦးစိန်ဌေးက ဆိုပါတယ်။

Renaissance Institute က မြန်မာ့ဘတ်ဂျက်ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းဘတ်ဂျက် ပေးမှတ် ၁၀၀ နဲ့ တန်ဖိုးဖြတ်ရာမှာ ပွင့်လင်းမြင်သာမှုနှစ်မှတ်၊ လူထုပါဝင်မှုခြောက်မှတ်၊ လွှတ်တော်ရဲ့ ကြီးကြပ်မှု ၂၇ မှတ်နဲ့ စာရင်းစစ်ကြီးကြပ်မှု ၂၅ မှတ်သာရရှိတဲ့အထိ ဆိုးရွားခဲ့တယ်လို့ RI က  ထုတ်ပြန်တဲ့ ဘတ်ဂျက်လုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ရစေမည့် ပြုပြင်ပြောင်းလဲမှုများ၊ မြန်မာနိုင်ငံအတွက် မူဘောင်စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။

ပွင့်လင်းဘတ်ဂျက် စစ်တမ်းပေးမှတ်အရ ပွင့်လင်းမြင်သာမှု နှစ်မှတ်ပဲရခဲ့တာက မြန်မာနိုင်ငံဟာ ဘတ်ဂျက်လုပ်ငန်းစဉ်ရဲ့ လက္ခဏာ မှန်သမျှနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရံဖန်ရံခါပဲ အသိပေးချပြတတ်တာနဲ့ အစိုးရအနေနဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု မဟာဗျူဟာတွေကို အစိုးရမဟုတ်တဲ့ သက်ဆိုင်သူတွေကို ရှင်းပြမယ့် အဖွဲ့ဆိုင်ရာ လုပ်ငန်းစဉ်အနည်းငယ်သာရှိတာကြောင့် နှစ်မှတ်ပဲရတာပါ။

လူထုပါဝင်မှုဟာ ဘတ်ဂျက်ရေးဆွဲတဲ့ လုပ်ငန်းစဉ်မှာ လူထုပါဝင်ဖို့ အခွင့်အလမ်းမရှိသလောက်ဖြစ်နေပြီး လူထုပါဝင်မှု အားမပေးတဲ့ ကာလရှည်ဓလေ့ကြောင့်ဖြစ်နေပြီး ၂၀၁၅ ခုနှစ် UNDP စစ်တမ်းအရ ပြည်သူသုံးပုံ တစ်ပုံနီးပါးက အစိုးရနဲ့ ပတ်သက်တဲ့ ထင်မြင်ချက်ကို ပြောရာမှာ သတိထားရတယ်လို့ ပြောကြားခဲ့ကြပြီး ပြည်သူ လေးပုံတစ်ပုံက သူတို့အမြင်ကို လူသိရှင်ကြားထုတ်ပြောရန် လွတ်လပ်ခွင့်မရှိ       လို့ ယူဆကြောင်း ဖြေကြားခဲ့ခြင်းစတဲ့ အခြေအနေတွေအတွက် လူထုပါဝင်မှု ခြောက်မှတ်ပဲရရှိပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်နေပြီဖြစ်ပြီး လွှတ်တော်တွေအတွက် ဘတ်ဂျက်လုပ်ငန်းစဉ်ဟာ အသစ်အဆန်းဖြစ်နေသောကြောင့် ပြည်ထောင်စုအဆင့်နဲ့  အောက်အဆင့် လွှတ်တော်နှစ်မျိုးစလုံးကို သင်တန်းပေးခြင်းဟာ အရေးကြီးတဲ့ တာထွက်မှတ်ဖြစ်နေပြီး လွှတ်တော်တွေက ဘတ်ဂျက်ကိုကောင်းစွာ နှံ့စပ်ကျွမ်းကျင်လာမယ်ဆို လူထုထံက ပြန်လာတဲ့ ထင်မြင်ချက်တွေကို ထပ်ဟပ်ပြောကြားလာနိုင်မှ ဖြစ်ပေမယ့် လက်ရှိမှာတော့ လွှတ်တော်ကြီးကြပ်နိုင်မှုက ရမှတ် ၁၀၀ မှာ၂၇ မှတ်သာ ရှိနေပါတယ်။

ဆီးသီးဗန်းမှောက်ဘတ်ဂျက်၊ ၀န်ထမ်း ၁၄ သိန်းကျော်က အချို့လူတွေရဲ့ လာဘ်စားမှုမထိန်းနိုင်သေး တဲ့အခြေအနေနဲ့ ဘတ်ဂျက်လုပ်ငန်းစဉ်ပြင်ပက Other Accounts တွေဆိုတဲ့ အခြေအနေမှာ နစ်နာနေရတာက တိုင်းပြည်ပါ။ လစာတိုး မပေးနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်ရှိနေလို့ ၀န်ထမ်း ၁၄ သိန်းကျော်ထဲက လာဘ်စားသူတွေကို မထိန်းချုပ်လိုသေးဘူးဆိုရင်တောင် Other Accounts တွေက ငွေတွေကိုတော့ နိုင်ငံ့ဘဏ္ဍာဆီ အရေးတကြီး ဆွဲသွင်းနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

“Expenditure က အရမ်းများနေတယ်။ ထိရောက်မှုရှိတဲ့ အသုံးစရိတ်ဆိုတာက မလိုတာတွေ မသုံးဖို့ပေါ့။ ငွေ ၁၀၀ သုံးရင် ၁၀၀ ပြန် ရရမယ်။ အဲဒီသဘောမျိုးဖြစ်အောင် လုပ်ဖို့လိုတယ်။ အသုံးစရိတ်တွေ ဖောင်းပွလာရင် များလာရင် အခုက Deficit ဘတ်ဂျက်ဖြစ်နေတယ်။ လေးငါးနှစ်လောက် လိုငွေပြဘတ်ဂျက် ဖြစ်နေတယ်။ အဲဒါမကောင်းဘူးလေ။ ဒီနှစ်မှာလည်း အဲဒီလိုပဲ။ နောက်နှစ် နောင်နှစ်တွေလည်း အဲဒီလိုပဲ ဖြစ်နေတယ်ဆိုရင် အခြေအနေက မကောင်းဘူး။ ဆိုးတယ်လို့ ပြောရမယ်။ စွမ်းဆောင်ရည်က မြှင့်တင်ဖို့တက်လာဖို့ လိုသေးတယ်လို့ ထင်ပါတယ်” လို့ NLD ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လက်ရှိအစိုးရနဲ့ လွှတ်တော်အကြားက ဘတ်ဂျက်လိုငွေ အခြေအနေနဲ့ ပတ်သက်ပြီး သုံးသပ်ပါတယ်။

Other Accounts ငွေစာရင်းတွေ အများအပြားဖော်ပြထားပြီး ဒီလိုအမျိုးသား အကျိုးစီးပွားအတွက် အလွန်အရေးကြီးတဲ့ တွင်းထွက်သယံဇာတက ရငွေတွေနဲ့ Other Accounts ငွေတွေ ဘယ်လိုစီးဆင်းနေတယ်ဆိုတာကို သိရှိဖို့ ပွင့်လင်းမြင်သာတဲ့ အခြေအနေသို့ ရောက်ရှိဖို့ လက်ရှိစံချိန်တင် ဘတ်ဂျက်လိုငွေနဲ့ ဗဟိုဘဏ်က ထုတ်ချေးနေရတဲ့ တိုင်းပြည်အခြေအနေက ဖော်ပြနေပါတယ်။ ဒါ့ကြောင့်  Other Accounts ငွေစာရင်းတွေ နိုင်ငံ့ဘဏ္ဍာဆီ ဆွဲမသွင်းနိုင်သေးရင်တောင် တည်ထောင်ထားရှိမှုနဲ့ စီမံခန့်ခွဲမှုအတွက် ဥပဒေမူဘောင်တစ်ခု ပြဋ္ဌာန်းပေးသင့်ပြီး နောင်အနာဂတ်မှာ Other Accounts ဘဏ်စာရင်းတွေက စုဆောင်းထားတဲ့  ငွေပမာဏတွေကို ဖော်ပြဖို့သာမက ဒီငွေစာရင်းတွေက ငွေတွေကို ဘယ်လိုစီမံခန့်ခွဲနေတယ် ဆိုတာကို ပြည်သူသိအောင် လုပ်ဆောင်သင့်တဲ့ အချိန်အခါကို ရောက်နေပြီဆိုတာ သတိပြုဖို့လိုအပ်ပါတယ်။

Ref ; Eleven Media Group

No comments: