Showing posts with label ဆောက်လုပ်ရေး. Show all posts
Showing posts with label ဆောက်လုပ်ရေး. Show all posts

Thursday, October 6, 2016

CHD အိမ်ယာဘဏ်တွင် လစဉ်ဝင်ငွေ သုံးသိန်းကျပ်ရှိပြီး ဘဏ်စာရင်း ငွေကျပ်သိန်း ၃၀ ပြည့်ပြီးသူများကို အိမ်ရာရောင်းချပေးရန် စတင်ဆောင်ရွက်


Posted: October 6, 2016

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank)မှ အိမ်ရာဝယ်ယူခွင့် Housing Saving Account ရှိသူများထဲမှ လစဉ်ဝင်ငွေ သုံးသိန်းကျပ်ရှိပြီး ဘဏ်အကောင့်တွင် ငွေကျပ်သိန်း ၃၀ ပြည့်ပြီးသူများကို အိမ်ရာရောင်းချပေးရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

CHD Bank တွင် အိမ်ရာဝယ်ယူခွင့် ငွေစုစာရင်းဖွင့် ထားသူမှာ စက်တင်ဘာလကုန်အထိ စာရင်းများအရ ၄၈၉၀ ဦးရှိနေပြီး ၄င်းတို့ထဲမှ ၆၀၀ ဦးမှာ လစဉ်ဝင်ငွေ သုံးသိန်းကျပ်ရှိပြီး ဘဏ်အကောင့်တွင် ငွေကျပ်သိန်း ၃၀ ပြည့်ပြီးသူများ ဖြစ်သည်ဟု ဆိုသည်။

 

“လစဉ်ဝင်ငွေ သုံးသိန်းရှိပြီး စာရင်းမှာ ကျပ်သိန်း ၃၀ ပြည့်သူတွေကို စာရင်းချုပ်နေပါတယ်။ ဘဏ်စာရင်းမှာ သိန်း ၃၀ ပြည့်ပေမဲ့ လစဉ်ဝင်ငွေ ၃ သိန်းမရှိတဲ့ လူတွေကတော့ မပါသေးပါဘူး။ သူတို့ ကတော့ ဆက်စုရဦးမှာပေါ့” ဟု CHD Bank ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်မြင့်မြင့်မူ က The Ladies သို့ပြောကြားသည်။

 

ဘဏ်ချေးငွေဖြင့် အိမ်ရာ ၀ယ်ယူမည့်သူများသည် ဘဏ်မှ ချေးငွေရယူ ထားသော ၇၀ ရာခိုင်နှုန်းကို ၈ နှစ်မှ ၁၅ နှစ်အတွင်း ပြန်လည်ပေးဆပ်ရ မည်ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ် သည်။

 

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြေနေရာရှိသည့်နေရာများတွင် ပြည်သူ လူထု လိုအပ်သည့် နေရာများ၌ အိမ်ရာများဖော်ဆောင်ပေးနိုင်ရန် အိမ်ရာဝယ်ယူမည့် ငွေစုစာအုပ် စာရင်းလာဖွင့်သည့်အချိန်တွင် ပြည်သူ လူထု၏ လိုအပ်သော မြို့နယ်များတွင် အိမ်ရာဖော်ဆောင်ပေးရန်အတွက် Data (အချက်အလက်) ကောက်ယူကာ ရရှိလာသော အချက်အလက်များ ကို မြို့နယ်အလိုက် စာရင်းသွင်းထားမည်ဖြစ်ကြောင်း ဒေါ်မြင့်မြင့်မူက ဆက်လက်ပြောကြားသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လာမည့်နှစ်နှစ်အတွင်း တန်ဖိုးနည်း အိမ်ခန်းပေါင်း ၈,၀၀၀ ကျော်ကို ဖော်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ရန်ကုန်မြို့တွင်လည်း တန်ဖိုး နည်းအိမ်ခန်း ၁,၀၀၀ ကျော်ကို ဆောက်လုပ် သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

 

ဝသန်

The Ladies News