Showing posts with label မီးရထား. Show all posts

Saturday, October 1, 2016

အန္တရာယ်ရှိသည့် မန္တလေး-မြစ်ကြီးနား ရထားလမ်းတချို့ ပြုပြင်မည်

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ကြံ့ခိုင်မှုနည်းပါးပြီး အန္တရာယ်ရှိသည့် လမ်းအစိတ်အပိုင်း မိုင် ၂ဝ ကျော်ကို တောင်ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ခန့်ဖြင့် ပြုပြင်မည်ဖြစ်ပြီး လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ လာရောက် စစ်ဆေး တွက်ချက်နေကာ ယင်းအဖွဲ့၏ အစီရင်ခံစာပေါ် မူတည် ၍ ပြုပြင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားသည် မူလက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသော်လည်း တောင်ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တောင်းခံထားသဖြင့် ယင်းငွေပမာဏနှင့် လုံလောက်မည့် လမ်းအစိတ်အပိုင်း တစ်ခုသာ ရွေးချယ် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထား (အင်ဂျင်နီယာ /စီမံဌာန) မှ အထွေထွေ မန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းသည် မိုင် ၃ဝဝ ကျော် ရှည်လျားသည့် အတွက် လမ်းပိုင်းတစ်ခု လုံးပြုပြင်ရန် ငွေကြေး အခက်အခဲ ရှိနေခြင်းကြောင့် အရေးပေါ် ပြုပြင်ရန်လိုအပ်သည့် လမ်းပိုင်းကိုသာ ရွေးချယ် လုပ်ဆောင်ခြင်း ဖြစ်သည်။ အတက်အဆင်း၊ အချိုးအကွေ့များပြီး ကြံ့ခိုင်မှု ကျဆင်းနေသည့် ဂျိုးတောင်၊ နန်းခမ်း၊ ဘုံကြောင်းနှင့် မဲဇာဘူတာ လေးခုကြားရှိ ၂၂ မိုင်ခန့်ကို ပြုပြင်ရန် လတ်တလော တင်ပြထားကာ ယင်းလမ်းပိုင်းတွင် ရထားများ မကြာခဏ လမ်းချော်မှုများ ဖြစ်ပေါ်လေ့ရှိသည့် အတွက်လည်း ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ မီးရထားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ကျန်လမ်းပိုင်းများကိုလည်း တစ်ဆင့်ချင်း ပြုပြင်သွားရန် စီစဉ်နေပြီး အဓိက လမ်းပိုင်း တစ်ခုဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်းကိုလည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်မှု စီမံကိန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

Ref: Myawady

The Ladies News

Wednesday, September 28, 2016

အစိုးရ၀န်ထမ်းများ မီးရထားလက်မှတ် တန်ဖိုးအတိုင်း အပြည့်ပေးရမည်

မန္တလေး၊ စက်တင်ဘာ ၂၇

အစိုးရ ၀န်ထမ်းများအနေနှင့် မီးရထားဖြင့် ခရီးသွားလာရာတွင် လက်မှတ်တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ရာမှ ၁၀၀ ရာခိုင်နှုန်းအထိ အပြည့်ကောက်ခံတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

"ကျွန်တော်တို့ ဌာနအနေနဲ့က အရင်ကလို နိုင်ငံတော်ဘဏ္ဍာ မရတော့ဘူး။ ကိုယ့်ဝင်ငွေနဲ့ကို ပြေးဆွဲနေရပြီ  ဖြစ်ပါတယ်၊ အရင်က ရထားပြေးဆွဲတာ မကိုက်လို့ ရှုံးရင်လည်း နိုင်ငံတော်အစိုးရက အကုန်အကျခံတယ်၊ အခုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ ရပ်တည်နေရတဲ့အတွက် ၀န်ထမ်းတွေကို လျှော့မပေးနိုင်တော့ပါဘူး" ဟု မန္တလေး ဘူတာရုံပိုင်ချုပ်ကြီး ဦးညိမ်းမောင်က ပြောကြားသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် မြန်မာ့မီးရထားလုပ်ငန်း ၀င်ငွေ ရရှိစေရေးအတွက် စက်တင်ဘာလ ၁ ရက် နေ့ကစ၍ နိုင်ငံ့ ၀န်ထမ်းများအား လက်မှတ်ရောင်းချရာတွင် ၇၅ ရာခိုင်နှုန်းထားအစား ၁၀၀ ရာခိုင်နှုန်းဖြင့် ကောက်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"အရင်တုန်းကဆိုရင် စက်သုံးဆီကအစ အစိုးရနှုန်းနဲ့ ရတယ်၊ ခုကျတော့ အများဝယ်သလိုပဲ ၀ယ်သုံးနေရတာ။ အဲဒါကြောင့် ဌာနဆိုင်ရာ ၀န်ထမ်းတွေကို လျှော့မပေးနိုင်တော့တာပါ၊ ဒီညွှန်ကြားချက်ကတော့ ပြည်ထောင်စုအဆင့်နဲ့ ထုတ်ပြန်ခဲ့တာ။ ကျွန်တော်တို့ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတာ မဟုတ်ပါဘူး" ဟု ဦးညိမ်းမောင်က ရှင်းပြသည်။

အစိုးရ ၀န်ထမ်းအများစု အနေနှင့် လက်ရှိအချိန်တွင် မီးရထား အသုံးမပြုတော့ဘဲ မော်တော်ယာဉ်များဖြင့်သာ အသုံးပြု သွားလာနေကြကြောင်း၊ မီးရထား အသုံးပြုသွားလာသည့် ၀န်ထမ်းအနည်းစုအတွက် ကုန်ကျငွေ တိုးလာနိုင်သော်လည်း ၀န်ထမ်းမဟုတ်သော ပြည်သူများနှင့် တစ်ပြေးညီ ဖြစ်သွားသည့်အတွက် ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်မှ အငြိမ်းစား ၀န်ထမ်း အမျိုးသားတစ်ဦးက ပြောဆိုသည်။