Saturday, October 1, 2016

အန္တရာယ်ရှိသည့် မန္တလေး-မြစ်ကြီးနား ရထားလမ်းတချို့ ပြုပြင်မည်

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ကြံ့ခိုင်မှုနည်းပါးပြီး အန္တရာယ်ရှိသည့် လမ်းအစိတ်အပိုင်း မိုင် ၂ဝ ကျော်ကို တောင်ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ခန့်ဖြင့် ပြုပြင်မည်ဖြစ်ပြီး လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ လာရောက် စစ်ဆေး တွက်ချက်နေကာ ယင်းအဖွဲ့၏ အစီရင်ခံစာပေါ် မူတည် ၍ ပြုပြင်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့မီးရထားသည် မူလက မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသော်လည်း တောင်ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ တောင်းခံထားသဖြင့် ယင်းငွေပမာဏနှင့် လုံလောက်မည့် လမ်းအစိတ်အပိုင်း တစ်ခုသာ ရွေးချယ် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း မြန်မာ့မီးရထား (အင်ဂျင်နီယာ /စီမံဌာန) မှ အထွေထွေ မန်နေဂျာ ဦးအောင်ဝင်းက ပြောသည်။

 

မန္တလေး-မြစ်ကြီးနားလမ်းသည် မိုင် ၃ဝဝ ကျော် ရှည်လျားသည့် အတွက် လမ်းပိုင်းတစ်ခု လုံးပြုပြင်ရန် ငွေကြေး အခက်အခဲ ရှိနေခြင်းကြောင့် အရေးပေါ် ပြုပြင်ရန်လိုအပ်သည့် လမ်းပိုင်းကိုသာ ရွေးချယ် လုပ်ဆောင်ခြင်း ဖြစ်သည်။ အတက်အဆင်း၊ အချိုးအကွေ့များပြီး ကြံ့ခိုင်မှု ကျဆင်းနေသည့် ဂျိုးတောင်၊ နန်းခမ်း၊ ဘုံကြောင်းနှင့် မဲဇာဘူတာ လေးခုကြားရှိ ၂၂ မိုင်ခန့်ကို ပြုပြင်ရန် လတ်တလော တင်ပြထားကာ ယင်းလမ်းပိုင်းတွင် ရထားများ မကြာခဏ လမ်းချော်မှုများ ဖြစ်ပေါ်လေ့ရှိသည့် အတွက်လည်း ပြုပြင်ရခြင်း ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ မီးရထားသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ ကျန်လမ်းပိုင်းများကိုလည်း တစ်ဆင့်ချင်း ပြုပြင်သွားရန် စီစဉ်နေပြီး အဓိက လမ်းပိုင်း တစ်ခုဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းပိုင်းကိုလည်း ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်မှု စီမံကိန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

Ref: Myawady

The Ladies News

No comments: