Friday, October 28, 2016

ဒီးမောဆိုတွင် လက်နက်အလုပ်ရုံငယ်နှင့် လက်နက်များတွေ့

ဒီးမောဆို၊ အောက်တိုဘာ ၂၈

ကယားပြည်နယ်၊ ဒီးမောဆိုမြို့နယ် ဆောင်ဒူလာ ကျေးရွာအုပ်စု ဆော်ပထန်းကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က လက်နက်များ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ပြုလုပ်သည့် အလုပ်ရုံတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း ယင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါနေ့ရက်က ယင်းကျေးရွာနေ အမျိုးသားတစ်ဦးက မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်မှု ပြုလုပ်နေကြောင်း သတင်းရရှိ၍ ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ရှာဖွေခဲ့ရာမှ M21 တစ်လက် အပါအဝင် လက်နက်ငါးလက်၊ ဆက်စပ်ပစ္စည်းမျိုးစုံနှင့် အလုပ်ရုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကယားပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီးမှူး (ပထမတန်း) ဒုတိယရဲမှူးကြီး တင်ရွှေက ပြောကြားသည်။

“သူ့အိမ်ထဲက ခြံဝန်းထဲမှာဘဲ လက်နက်ပြုလုပ်တဲ့ အလုပ်ရုံ တွေ့ရှိခဲ့တယ်။ ဝါသနာအရ လက်နက်တွေ ပြုလုပ်တာဆိုတော့ တကယ့်လက်နက်အစစ်တွေလို စံချိန်မီ လက်နက်တော့ မဟုတ်ဘူးပေါ့။ မူးယစ်ဆေးဝါးတွေ ရှာဖွေမတွေ့ရှိပေမယ့် သေနတ်ငါးလက်နဲ့ ကျည်ဆန်တွေ အပါအဝင် လက်နက်ပြုလုပ်တဲ့ အစိတ်အပိုင်းတွေ သိမ်းဆည်းရမိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်တွင် M21 သေနတ်တစ်လက် ယင်းကျည် ၁၀ တောင့်၊ တစ်တောင့်ထိုး လုပ်သေနတ်တစ်လက်နှင့် တူမီးသေနတ်သုံးလက် အပါအဝင် လက်နက်ပြုလုပ်သည့် အလုပ်ရုံအတွင်းမှ သေနတ်အစိတ်အပိုင်းမျိုးစုံ၊ ကျည်အိမ်နှင့် ယမ်းကြိုးခွေများ၊ လက်နက်ပြုလုပ်ရာတွင် အသုံးပြုသည့် ကိရိယာမျိုးစုံတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၄၉ နှစ်အရွယ် ဦးမိုင်းစူကို (ပ)၂၇/၂၀၁၆၊ လက်နက်ပုဒ်မ-၁၉(စ) အရ အမှုဖွင့် အရေးယူကာ စုံစမ်းစစ်ဆေးနေကြောင်း ဒီးမောဆို မြို့မရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ- TH 

No comments: