Monday, October 31, 2016

သာကေတမြို့နယ်တွင် လိုက်ထရပ်ယာဉ်မောင်းအား ရိုက်နှက်ခဲ့ကြသည့် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိ


 

သာကေတမြို့နယ်တွင် လိုက်ထရပ်ယာဉ်မောင်းအား ရိုက်နှက်ခဲ့ကြသည့် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးရမိ အရေးယူရန်ကုန်၊ အောက်တိုဘာ ၃၀

၂၉.၁၀.၂၀၁၆ ရက်နေ့ ၁၆၄၅ အချိန်ခန့်တွင် သာကေတမြို့နယ်နေ ကိုဇော်ဝင်းနိုင်သည် သာကေတမြိုနယ်၊ စက်မှုလက်မှုရပ်ကွက်ရှိ အထည်ချုပ်စက်ရုံမှ လိုက်ထရတ်ယာဉ်ဖြင့် အလုပ်သမားဝန်ထမ်းများအား တင်ဆောင်၍ သာကေတမြို့နယ်၊ ၆/အနောက်ရပ်ကွက်၊ ၇/ဈေးလမ်း အတိုင်းမောင်းနှင်လာစဉ် အထက(၂)ကျောင်းရှေ့အရောက် နောက်ဘက်မှ အမှတ် ၃၄ ယာဉ်လိုင်း ခရီးသည်တင် 4B ---- ယာဉ်မှကျော်တက်ရန် လမ်းတောင်းရာ ရှေ့ဖက်တွင် ကားရှိနေသဖြင့် လမ်းဖယ်မရ၍ ဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ သစ်ဆိုင်ရှေ့အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့သို့ကျော်တက်ပြီး ပိတ်ရပ်ကာ စပယ်ယာ(၂)ဦးမှ ခဲ၊ တုတ်တို့ ကိုင်ဆောင်လာပြီး ၎င်းအား ဆဲဆိုကာခဲဖြင့်ပစ်၊ တုတ်ဖြင့်ရိုက်ခဲ့ကြောင်း၊ ယာဉ်နောက်ခန်းတွင် စီးနင်းလိုက်ပါလာသူ မိန်းကလေးများမှ တားမြစ်ခဲ့ရာတွင် တွန်းဖယ်ပြီး ကိုဇော်ဝင်းနိုင် အားလက်သီးဖြင့် ထိုးကာ ၎င်းတို့ယာဉ်ပေါ်ပြန်တက်၍ မောင်းနှင်ထွက်ခွာသွားကြကြောင်း၊ ခိုင်ရွှေဝါလမ်းပေါ် အရောက်တွင် ၎င်းခရီးသည်တင်ယာဉ်မှာ ရှေ့မှရပ်နေသဖြင့် ၎င်းလည်းယာဉ်ကိုရပ်တန့်ခဲ့စဉ် စပါယ်ယာနှစ်ဦးမှ တုတ်ကိုင်၍ ထပ်မံလာရောက်ကာယာဉ်၏ ဘက်မှန်နှင့် ရှေ့ရှဲတို့အား ရိုက်နှက်ကန်ကျောက် ခဲ့ကြောင်း၊ ယင်းသို့ကျူးလွန်ကြသဖြင့် ကိုဇော်ဝင်းနိုင်တွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်ပေါ်ပါ အလုပ်သမားအမျိုးသမီး (၃)ဦးတွင်လည်း နာကျင်ဒဏ်ရာများရရှိခဲ့သည့်အပြင် ယာဉ်မှာလည်းတန်ဖိုးငွေကျပ် (၁၅၀၀၀၀)ခန့်ပျက်စီးခဲ့ကြောင်း တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၂၉၄/ ၃၂၃/၄၂၇/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ၁၈၃၀ အချိန်ခန့်က သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ရှုခင်းသာအတွင်းပတ်လမ်း၌ ပြစ်မှုကျူးလွန်သူများဖြစ်သည့် အမှတ် ၃၄ ယာဉ်လိုင်းခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ ဇော်မျိုးအောင်(၂၇)နှစ်၊ ယာဉ်နောက်လိုက်များဖြစ်သော သာကေတမြို့နယ်နေ ထွန်းဝေရန် (၂၂)နှစ်နှင့် မင်းမျိုးထက်(၂၂)နှစ်တို့ (၃)ဦးကို ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများသိမ်းဆည်းကာ
အရေးယူဆောင်ရွက်လျက်ရှိပါသည်။

ယင်းအမှုအပြင် ၎င်းတို့(၃)ဦးသည် အများသူငှာသွားလာနေသောလမ်းပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော လက်နက်များကိုင်ဆောင်၍ တရားဥပဒေစိုးမိုးရေးအား ထိပါးနှောင့်ယှက်သဖြင့် သာကေတနယ်မြေရဲစခန်း (ပ)၁၁၇၆/၂၀၁၆၊ ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်း အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments: