Saturday, October 29, 2016

နိုင်ငံခြားသားများ လာရောက်တည်းခိုရာတွင် အသိပေး အကြောင်းကြားမှု အားနည်းနေခြင်းကြောင့် လ.ဝ.ကမှ နှိုးဆော်

Posted: October 28, 2016

ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသား ဧည့်သည်များ လာရောက် လည်ပတ်တည်းခိုကြရာတွင် သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးသို့ Form C ဖြင့် အသိပေးအကြောင်းကြားရန် ညွှန်ကြားထားသော်လည်း လိုက်နာမှု အားနည်းသဖြင့် နှိုးဆော်အသိပေးမှုများ ပြုလုပ်ထားသည်ကို တွေ့ရသည်။

 

၁၉၄၈ ခုနှစ် နိုင်ငံခြားသား နည်းဥပဒေတွင် မြန်မာနိုင်ငံအတွင်း လာရောက် တည်းခိုပါက သက်ဆိုင်ရာမြို့နယ် လ.ဝ.က သို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ မှ Form C ဖြင့် တိုင်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ယင်းပြဋ္ဌာန်းထားမှုအား ယနေ့ခေတ်တွင် သိရှိမှု အားနည်းခြင်းကြောင့်ဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်တည်းခိုမှု များသော လမ်းများရှိ တိုက်ခန်းများတွင် လိုက်လံစာကပ် နှိုးဆော်မှုများ ပြုလုပ်နေကြောင်း တွေ့ရသည်။

 

"ကျွန်မတို့က အိမ်အပြန် နောက်ကျတယ်။ မနေ့ညကတော့ မတွေ့ဘူး။ ကနေ့ မနက် တိုက်ပေါ်က ဆင်းလာတော့ နိုင်ငံခြားသားတွေ ညအိပ်ညနေ တည်းခိုလည်ပတ်ရင် သက်ဆိုင်ရာကို Form C နဲ့ အသိပေးရမယ်ဆိုပြီး စာတွေကပ်ထားတာ တွေ့တယ်။ ကျွန်မတို့ လမ်းမှာတော့ နိုင်ငံခြားသား အဝင်အထွက်တော့ နည်းပါတယ်။ ပြောရရင် ဧည့်စာရင်းပဲပေါ့။ အဲဒီသဘောပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီလိုလုပ်ထားတော့ ကောင်းတာပေါ့။ နဂိုကတည်းက ဥပဒေက ပြဋ္ဌာန်းပြီးသား ရှိတာပဲလေ။ ဥပဒေနဲ့ အညီ လိုက်နာရင်တော့ ကောင်းတာပေါ့။ ဒီလို သေချာအသိပေး သတ်မှတ်ထားတဲ့အတိုင်း တိုင်ကြားလိုက်နာရင် လေဆိပ်မှာလို ပြေးလိုက်တဲ့ အဖြစ်မျိုး မဖြစ်တော့ဘူးပေါ့။ ကြိုတင်ကာကွယ်တာ ကောင်းပါတယ်" ဟု လမ်းမတော်မြို့နယ် လမ်းမတော် ၇ လမ်းတွင် နေထိုင်သည့် ရှေ့နေတစ်ဦးအဖြစ် လုပ်ကိုင်သူ ဒေါ်ချစ်စန္ဒီ မှ ပြောဆိုသည်။

 

ယင်းကဲ့သို့ နိုင်ငံခြားသား လာရောက်တည်းခိုပါက form C ဖြင့် တိုင်ကြားမှုကို ယခင်က လုပ်ဆောင် လာကြသော်လည်း ယခုနောက်ပိုင်းတွင် မသိရှိကြောင်း ပြောဆိုကာ အသိပေးတိုင်ကြားမှု အားနည်းလာကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းမှ ဆိုသည်။ တိုက်ခန်းများတွင် စာရွက်များ လိုက်လံကပ်၍ နှိုးဆော်ရန်အတွက်မူ ညွှန်ကြားထားခြင်း မရှိကြောင်းနှင့် သက်ဆိုင်ရာတိုင်းများမှ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်းလည်း အဆိုပါ ပုဂ္ဂိုလ်က ပြောပြသည်။

 

၎င်းဥပဒေအရ တိုင်ကြားရန် ပျက်ကွက်သည့် အိမ်ရှင်အား ထောင်ဒဏ် ၃ နှစ် သော်လည်းကောင်း ၊ ငွေဒဏ် သော်လည်းကောင်း ဒဏ်နှစ်ရပ်လုံး သော်လည်းကောင်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။

 

"ဒီအမှုတွေက အသေးစိတ်တော့ မပြောတော့ဘူး။ တချို့ပြည်နယ်တွေ မြို့တွေ မှာတော့ တော်တော် အဖြစ်များတယ်။ ပထမဆုံး အကြိမ်အနေနဲ့ သတိပေးတယ်ပေါ့။ အဖြစ်များတာကတော့ တည်းခိုခန်းတွေ ဟော်တယ်တွေပေါ့။ သတိပေးထားတာကိုမှ ထပ်မံဖောက်ဖျက်ရင်တော့ တရားဥပဒေနဲ့ အညီ အရေးယူတာပေါ့၊ ရန်ကုန်မှာလည်း အရေးယူထားတာတွေ ရှိပါတယ်။ နိုင်ငံခြားသား ဧည့်သည် ညအိပ်ညနေ တည်းမယ်ဆိုရင် ၂၄ နာရီအတွင်း Form C တင်ပေးဖို့အတွက် လိုက်နှိုးဆော်နေကြတာပါ။ ဘာကြောင့်လဲဆိုရင် အရေးယူတဲ့အခါ မသိဘူး ပြောပြောနေကြလို့ပါ" ဟု ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းက ရှင်းပြသည်။

 

minnwatham

The Ladies News

No comments: