မိုဆူးလ်ထိုးစစ်ကို အကောင်အထည် ဖော်နိုင်ခဲ့သည့်နောက် အိုင်အက်စ်တို့အတွက် ဒုတိယ ထိုးနှက်ချက်အဖြစ် ရက္ကာကိုပါ တိုက်ခိုက်ရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အတည်ပြု ပြောကြားခဲ့သည်။
အီရတ်အစိုးရသည် နိုင်ငံမြောက်ပိုင်းရှိ မိုဆူးလ်ကို အိုင်အက်စ်တို့လက်မှ ပြန်လည်သိမ်းယူရန် ထိုးစစ်ကို ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းက စတင်ခဲ့သည်။ အဆိုပါ ထိုးစစ်ကို အမေရိကန် လေတပ်နှင့် မဟာမိတ် တပ်ဖွဲ့ များက အလုံးအရင်း ပူးပေါင်းကူညီခဲ့ကြသည်။ ထို့အပြင် ဆီးရီးယားဘက်ခြမ်းတွင် တည်ရှိပြီး အိုင်အက်စ်၏ အဓိက မြို့တော်အဖြစ် ကြေညာထားရာ ရက္ကာကိုလည်း မိုဆူးလ်နည်းတူ ထိုးစစ်ဆင်နိုင်မည်ဟု ကာတာက ဆိုသည်။
အိုင်အက်စ်သည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို သိမ်းယူခဲ့ပြီးနောက် အီရတ်ဘက်ခြမ်းတွင် မိုဆူးလ်၊ ဆီးရီးယားဘက်တွင် ရက္ကာတို့ကို အဓိက ခြေကုပ်စခန်းများအဖြစ် သတ်မှတ်ထားခဲ့သည်။ ကာတာက အမေရိကန်၏ မဟာမိတ် အင်အားစုများသည် ရက္ကာကို ထိုးဖောက်တိုက်ခိုက်ရင် လူသူလက်နက် စုဆောင်း ပြင်ဆင်နေပြီဟု ပြောကြားခဲ့သည်။
“တပ်ဖွဲ့တွေ အင်အားစုရုံးနေပါပြီ။ ဒါက သီတင်းပတ် နည်းနည်းလောက်တော့ ကြာလိမ့်ဦးမယ်။ ပြီးရင် ဒီတပ်ဖွဲ့တွေကို ရက္ကာထိုးစစ်အတွက် စစ်မျက်နှာတွေ ခွဲဝေ နေရာချပေးဖို့ လုပ်ဆောင်ရပါမယ်။ အခုလောလောဆယ် ကျွန်တော် ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်”ဟု ကာတာက မှတ်ချက်ပေးခဲ့သည်။ ၎င်းက ရက္ကာထိုးစစ်အတွက် သီတင်းပတ်အချို့ အချိန်ယူရမည် ဖြစ်သော်လည်း အလွန်အမင်း ကြာမြင့်နေမည် မဟုတ်ဟုလည်း အတည်ပြု သွားသည်။
အီရတ်အခြေစိုက် အမေရိကန် စစ်ဆင်ရေးများကို ကွပ်ကဲနေသည့် ဗိုလ်ချုပ်ကြီး စတီဖန်တောင်းဆန်းက “လောလောဆယ်တော့ ရက္ကာမြို့ ပတ်ဝန်းကျင်မှာ တပ်ဖွဲ့တွေကို ဖြန့်ကျက် နေရာချဖို့ စီစဉ်နေပါတယ်။ ထောက်လှမ်းရေး အချက်အလက်တွေ အရတော့ မြို့ပြင်ဘက်မှာပါ ရန်သူဘက်က အင်အားစုရုံး နေရာယူထားတာကြောင့် စစ်ဆင်ရေးအတွက် အဆင့်ပိုများနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။
လတ်တလောတွင် မိုဆူးလ်ထိုးစစ်မှာ ကြိုတင် မျှော်လင့်ထားသည့် အခြေအနေအတိုင်း ဖြစ်မြောက် အောင်မြင်နေပြီး အီရတ်ဘက်မှ အိုင်အက်စ် စစ်သွေးကြွ အများအပြား ဆုတ်ခွာကာ ဆီးရီးယားဘက်သို့ ဝင်ရောက်သွားပြီး ရက္ကာသို့ သွားရောက် အားဖြည့် ပူးပေါင်းဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။
Ref: CNN
No comments:
Post a Comment