အောက်တိုဘာ ၂၈၊ ၂၉ ရက်တို့တွင် ရခိုင်ကမ်းလွန်ဒေသ၌ မုန်တိုင်းငယ်တစ်လုံး ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ထိုင်းပင်လယ်ကွေ့အတွင်းမှာ အစပျိုး ဖြစ်ပေါ်လာတဲ့ အရှေ့လေပွေလှိုင်းတစ်ခုက ရခိုင်ကမ်းရိုးတန်းဘက်ကို ဦးတည်ရွေ့လျားလာမှုကြောင့် အောက်တိုဘာ ၂၈-၂၉ ရက်လောက်မှာ ရခိုင်ကမ်းလွန်ပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်လုံး ထပ်မံဖြစ်ပေါ်နိုင်ပါတယ်” ဟု ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပြောကြားသည်။
ထပ်မံဖြစ်ပေါ်နိုင်သည့် မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ဦးတည် ရွေ့လျားပြီးနောက် အများဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ခန့်ဖြင့် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယကမ်းခြေ အနီးတွင် အားပျော့ပျက်ပြယ်သွားမည်ဖြစ်ကြောင်း ဦးထွန်းလွင်က ခန့်မှန်းထားသည်။
“ဆိုင်ကလုန်းကတော့ လေတိုက်နှုန်း နည်းနည်းတော့ ပိုလာမယ်။ ဆိုင်ကလုန်းက နောက်တစ်ဆင့်တော့ မတက်နိုင်ဘူး။ နောက်ပြီးတော့ ပြန်ပြီးတော့ မုန်တိုင်းငယ် ဖြစ်သွားမယ်။ လက်ရှိမှာတော့ စောင့်ကြည့်နေတာ တစ်ခုရှိပါတယ်။ ဘင်္ဂလားပင်လယ်အော်ကို ရောက်လာနိုင်တယ် ဆိုပြီးတော့ စောင့်ကြည့်နေတာပါ၊ အဲဒါက ပစိဖိတ်ကဖြတ်ပြီးတော့ လာတဲ့အခါမှာ ဘင်္ဂလားပင်လယ်အော်မှာ ပြန်ပြီးတော့ မုန်တိုင်းငယ်တွေ ပြန်ဖြစ်တတ်တာ ရှိပါတယ်။ အဲဒါကိုလည်း စောင့်ကြည့်နေပါတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဟာရင်နိုင်တီယမ်းက ပြောကြားသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်း ကြံ့သည် အနောက် - အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၃၀ ခန့်၊ ဂွမြို့၏ အနောက် - အနောက်တောင်ဘက် ၃၂၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၁၀ ခန့်၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့-အရှေ့မြောက်ဘက် ၄၅၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက် - အနောက်တောင်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ နာရီတွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့သောကြောင့် အ၀ါရောင်အဆင့် သတ်မှတ်လိုက်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
Writer:
ဆန်းထူးအောင်
No comments:
Post a Comment