Friday, October 28, 2016

ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က အမျိုးသားနှစ်ဦးကို သံတုတ်ဖြင့်ရိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၇

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ဘဝမြင့်မှတ်တိုင်တွင် အောက်တိုဘာလ ၂၇ ရက် နံနက် ၉ နာရီ မိနစ် ၃၀ က ခရီးသည်တင် ဘီအမ်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က  အငှားယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးကို သံတုတ်များဖြင့် ရိုက်ခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ရိုက်နှက်ခံရသည့် အသက် ၃၈ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားက ဘဝမြင့်မှတ်တိုင်တွင် ယာဉ်ရှေ့ပိတ်ရပ်နေသည့် ၁၈၇ ခရီးသည်တင် ဘီအမ်ယာဉ်ကို ပြောဆိုရာမှ အချင်းများပြီး ဘီအမ်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က သံတုတ်၊ သစ်သားတုတ်များဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

“ဘီအမ်ကားပေါ်က ယာဉ်မောင်းနဲ့ စပယ်ယာ ပေါင်းလေးယောက်က တုတ်တွေကိုင်ပြီး ကားပေါ်က ဆင်းလာတယ်၊ ပြီးတော့ တက္ကစီကားပေါ်က နှစ်ယောက်ကို ဆဲဆိုပြီး တုတ်တွေနဲ့ ဝိုင်းရိုက်တာ၊ ဘေးကကြည့်နေသူတွေပါ ရန်ပြုချင်တဲ့ အကြည့်တွေနဲ့ပါ ကြည့်ပြီး ဆဲဆိုသွားသေးတယ်” ဟု အခင်းဖြစ်စဉ် မျက်မြင်တွေ့ခဲ့သော ဘဝမြင့်မှတ်တိုင် အနီးရှိ ဈေးသည်အမျိုးသားတစ်ဦးက ပြောကြားသည်။ 

အဆိုပါ သံတုတ်များဖြင့် ရိုက်နှက်ခဲ့သည့် ခရီးသည်တင် ဘီအမ်ယာဉ်မှာ ဒဂုံတောင်မှ တာမွေသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်းအမှတ် ၁၈၇ ဘီအမ်ယာဉ် ဖြစ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ရမ်းကားခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို ဖော်ထုတ်အရေးယူရန် စုံစမ်းနေကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။ 

“ခိုက်ရန်ဖြစ်တဲ့ ဘီအမ်ကားက ဂိတ်ဖွင့်နဲ့ ယာဉ်လိုင်းက ထွက်ခဲ့တာ မဟုတ်လို့ ယာဉ်မောင်းဘယ်သူ ဆိုတာ မသိရသေးဘူး၊ ယာဉ်ပိုင်ရှင်ထံ ဆက်သွယ်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ဘယ်သူဘယ်ဝါ ဆိုတာ သိရအောင် မေးမြန်းနေပါတယ်။ အပြစ်ရှိသူတွေကို ရဲတပ်ဖွဲ့က အရေးယူနိုင်အောင် ကျွန်တော်တို့ဘက်က တတ်နိုင်သလောက် အကူအညီ ပေးသွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ရိုက်နှက်ခံရသည့် အငှားယာဉ်မောင်း အမျိုးသားမှာ ဦးခေါင်းနာကျင်ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ပြဲ  ဒဏ်ရာ၊ လက်နှစ်ဖက် နာကျင်ဒဏ်ရာနှင့် ဒူးခေါင်းပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ယင်းယာဉ်ပေါ်ပါ အသက် ၃၀ အရွယ် အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ လက်နှင့်ခါးတို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စံပြဆေးရုံသို့ တင်ပို့ထားပြီး ဘီအမ်ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက် သုံးဦးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/ ၂၉၄/၅၀၉/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သင်္ဃန်းကျွန်း မြို့မရဲစခန်းထံမှ သိရှိရသည်။                    

No comments: