Showing posts with label ချင်းတွင်းမြစ်. Show all posts
Showing posts with label ချင်းတွင်းမြစ်. Show all posts

Thursday, September 29, 2016

အမည်းရောင်မြေသားနံရံပြိုကျ၍ ချင်းတွင်းမြစ်ရေမည်းဟုဆို

မုံရွာ၊ စက်တင်ဘာ ၂၈

ချင်းတွင်းမြစ်ရေ မည်းရခြင်းမှာ ထန်ပါဂွေမြို့နယ်ခွဲရှိ မခွာလယ်ရွာ ၊ တီဘီ စူးနူးကျေးရွာအနီး မြေသားနံရံ အမည်းရောင်များ ပြိုကျ၍ မည်းညစ်သော ရေများ စီးဆင်းခြင်းဖြစ်ကြောင်း စုံစမ်းတွေ့ရှိချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း စီးဆင်းနေသည့် ချင်းတွင်းမြစ်ရေသည် အမည်းရောင်သို့ ပြောင်းလဲခဲ့သည့်အတွက် တိုင်းအစိုးရ ၀န်ကြီးချုပ်၏ တာဝန်ပေးချက်အရ လေ့လာစုံစမ်းရေး ပြုလုပ်ခဲ့ရာတွင် ယင်းသို့ တွေ့ရှိရခြင်းဖြစ်ကြောင်း ကွင်းဆင်း လေ့လာခဲ့သူများက ပြောကြားသည်။

ချင်းတွင်းမြစ်အတွင်း ရေမည်းစတင် စီးဆင်းရာဒေသမှာ နန့်စလိန်ချောင်း၏ လက်တက်ဖြစ်သော ချောင်းတစ်ခုသည် ပင်လယ်ရေ မျက်နှာပြင်အထက် ၇၃၆၄ ပေ၌ ရှိနေရာ တီဘီစူးနူးကျေးရွာအနီး မြေသားနံရံ အမည်းရောင်များ ပြိုကျ၍ဖြစ်ကြောင်း အဆိုပါ စုံစမ်းရေးအဖွဲ့တွင် ပါဝင်သည့် သတ္တုတွင်း ၀န်ထမ်းဟောင်းဖြစ်သူ ဦးအောင်ကြင်က ပြောဆိုသည်။

"ကျောက်လွှာနှစ်ခု ကြားထဲမှရှိတဲ့ ဂရက်ဖိုက်(ကာဗွန်)အလွှာတွေ မိုးသည်းထန်မှုကြောင့် ပြိုကျ ပျော်ဆင်းပြီး ရေအမည်းရောင်တွေ ဖြစ်ပေါ်စေတာပါ"ဟု ၎င်းက ဆိုသည်။

နန့်စလိန် ချောင်းအတွင်း ကောက်ယူသော မြေနမူနာတွင် အမည်းရောင် အမှုန်အနည်အနှစ်များသည် ဂရက်ဖိုက် (Graphite)များ ဖြစ်ပြီး နမူနာ ကျောက်တုံးများမှာ ဂရက်ဖိုက် တွင်းထွက်တုံးများ ဖြစ်ကြောင်း၊ နန့်စလိန်ချောင်း တစ်လျှောက်လုံး၏ ဘူမိဗေဒမှာ နာဂ အသွင်ပြောင်း ကျောက်များ ဖုံးလွှမ်းနေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းချောင်း၏ ကြိုးတံတားအထက်တွင် အဆိုပါ ရေမည်းများ စီးဆင်းခြင်းကြောင့် ယခင်က ချောင်းအတွင်းမှ ငါးများကို သေစေခဲ့ဖူးကြောင်း၊ ယခုအခါ ငါးများ မရှိတော့ကြောင်း ခန္တီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးမောင်တေးက ဆိုသည်။