Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Wednesday, October 5, 2016

မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးတွင် တတ်နိုင်သည့်ဘက်မှ ကူညီမည်ဟု အမေရိကန်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီးကတိပြု

Posted: October 5, 2016

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တိုင်းရင်းသားအရေးတွင် အမေရိကန်နိုင်ငံ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် စစ်တပ်၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စစ်ဌာနချုပ် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ခ်ျဖီလ်းက ပြောသည်။

 

မြန်မာနိုင်ငံသို့ ရောက်နေသည့် အမေရိကန်၏ ပစိဖိတ်ဒေသ ဆိုင်ရာ စစ်တပ်အကြီးအကဲမှာ အစိုးရ ထိပ်သီး တာဝန်ရှိသူများ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ရန် ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်အစိုးရမှ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားတော့မည်ဟု ကြေညာခဲ့ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ တိုင်းရင်းသား အင်အားစုများအကြား ပူပန်မှုများ ရှိခဲ့သည်။

 

အမေရိကန် အစိုးရမှ ပိတ်ဆို့အရေးယူထားသည့် စာရင်းတွင် ယခင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ မူးယစ် လက်နက်ကုန်သွယ်မှုနှင့် ပတ်သက်၍ သံသယ ရှိခြင်းခံရသူ ၊ တပ်မတော်ပိုင် လုပ်ငန်းများနှင့် စစ်ရေးအရ ပိတ်ပင်မှုများ ပါဝင်ပါသည်။

 

မြန်မာစစ်တပ်နှင့် ဆက်ဆံမှုများ ပြုလုပ်ရခြင်းမှာ စစ်ရေးအရ ဆက်ဆံခြင်းမဟုတ်ဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့ကို စစ်တပ်မှ လေးစားလိုက်နာစေရန် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီးခရပ်ခ်ျဖီးလ်က နိုင်ဟံသာ ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့အား ပြောသည်။

 

“စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေက မြန်မာစစ်တပ်အပေါ် ဆက်ထားထားမယ်ပေါ့လေ။ အခု ဆက်ဆံရေး တိုးမြှင့်တာက စစ်ရေးအရ မပတ်သက်ဘူး။ လက်နက်ရောင်းချတဲ့ ကိစ္စတွေ တစ်ဦးချင်း ပိတ်ဆို့ထားတာတွေ အဖွဲ့လိုက် ပိတ်ထားတာတွေ လွတ်ဦးမှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်နေတာလည်း သိတယ်ပေါ့လေ။ ငြိမ်းချမ်းရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီမယ်။ စစ်ရေးအရ စစ်တပ်ကို ကူညီမှာ မဟုတ်တဲ့အတွက် မစိုးရိမ်ဖို့လည်း ပြောတယ်” ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 

အမေရိကန် စစ်ဗိုလ်ချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံတွင် မြောက်ကိုးရီးယားအရေး ကြားနာမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး မြောက်ကိုးရီးယားနှင့် မြန်မာအကြား စစ်ရေးဆက်ဆံမှုများ ဖြတ်တောက်ရန် လိုသည်ဟု အမေရိကန်ဘက်မှ သတိပေးထားသည်။

 

 

The Ladies News

Wednesday, August 31, 2016

ငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ ပါဝင်နိုင်ဖို့ CSO တွေတောင်းဆို





မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကဏ္ဍစုံမှာ ပါဝင်ခွင့်ပေးဖို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ၂၁ ရာစု ပင်လုံညီလာခံ စတင်ကျင်းပတဲ့ ဒီကနေ့မှာပဲ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်တွေရော တိုင်းရင်းသား လက်နက်ကိုင်တပ်တွေပါ နှစ်ဘက်စလုံးက တရားဝင် အပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုလိုက်သလို၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်မှာ အဟန့်အတား ဖြစ်စေတဲ့ ဥပဒေပုဒ်မတချို့ကိုလည်း ရုပ်သိမ်းပေးဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

သြဂုတ်လ ၃၁ ရက်နေ့ နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံကို လူထုအခြေပြုအဖွဲ့အစည်း ၁၃၀ ကျော် စုပေါင်းတင်ပြတဲ့ ကြေညာချက်ထဲမှာ၊ ငြိမ်းချမ်းရေးညီလာခံရဲ့ ဦးတည်ချက်တွေကို အပြန်အလှန် လေးစားတဲ့အနေနဲ့ အစိုးရတပ်ရော၊ တိုင်းရင်းသားတပ်တွေပါ တရားဝင် အပစ်ခတ်ရပ်စဲကြောင်း နှစ်ဘက်စလုံးက ကြေညာပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ ဆောင်ရွက်နိုင်မယ့် အခြေအနေကို တင်ပြ တောင်းဆိုနေတာ ဖြစ်တယ်လို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီအဖွဲ့ဝင် ကိုသွင်လင်းအောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ပထမတုန်းက သူတို့ကဏ္ဍ ၅ ခုလုံးကို ကျနော်တို့ကို ဆွေးနွေးခွင့်ပေးတယ်။ ဒါပေမဲ့ အခု အသစ်မှာကျတော့ နိုင်ငံရေးနဲ့ လုံခြုံရေး ၂ ခုမှာ အရပ်ဘက်အဖွဲ့အစည်းတွေက ဆွေးနွေးခွင့်မရှိတော့ဘူး ဆိုပြီးတော့ အဲ့လိုမျိုးပြောတော့ အဲဒီမှာ ကျနော်တို့က ပြည်သူလူထုနဲ့ ထိစပ်မှုရှိတဲ့ ကဏ္ဍအားလုံးမှာ ဆွေးနွေးခွင့်ရချင်တယ်ဆိုပြီးတော့ ကျနော်တို့က တင်ပြတာ။ တိုင်းနဲ့ပြည်နယ်တွေမှာ ပြည်သူလူထုတွေ ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့၊ အကြံပြုချက်တွေ အသံတွေပေါ့နော် စုပြီးတော့ အဲဒါတွေကို မူဝါဒဆိုင်ရာ အကြံပြုချက်တွေအဖြစ်နဲ့ ကျနော်တို့က ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနေတဲ့အခါမှာ အဲဒီထဲမှာ ဆုံးဖြတ်ချက်ချမယ့်သူတွေဆီရောက်အောင်၊ သူတို့ထည့်သွင်းစဉ်းစားသွားအောင်လို့ အဲဒါကို ကျနော်တို့က အဓိကပြောချင်တာပါ။”

လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီသွားနိုင်ဖို့ အဓိက အဟန့်အတား ဖြစ်နေတဲ့ မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁ ကို ပယ်ဖျက်ပေးဖို့ကိုလည်း တောင်းဆိုထားတယ်လို့ ကိုသွင်လင်းအောင်က ပြောပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတခုလုံးထဲမှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေက ၀င်ပါမယ်ဆိုရင် အဲဒီ ၁၇/၁ က အဟန့်အတားဖြစ်စေနိုင်တယ်ဆိုတာ ဥပမာ - ကျနော်တို့က ဆွေးနွေးဘက်တွေနဲ့ စကားပြောရတာတွေ၊ ညှိနှိုင်းရတာတွေ၊ ပြောချင်တဲ့အချက်တွေကို သွားပြီးတော့မှ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ပေးရတာမျိုးတွေ ရှိတယ်။ အဲ့လိုရှိတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ ပါနေတဲ့ ၁၇/၁ မဖျက်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကျနော်တို့က စည်းရုံးမှုတွေ သွားလုပ်တဲ့အခါမျိုးမှာ အစိုးရက နေပြီးတော့မှ တရားမ၀င်အသင်းနဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ကျနော်တို့ကို ဒီ ၁၇/၁ နဲ့ တစုံတရာ အရေးယူတာမျိုးတွေ ရှိလာနိုင်တယ်။ အဲဒါမျိုးက တကယ်ဆိုလို့ရှိရင် မရှိသင့်ဘူးဆိုတာကို ကျနော်တို့က ထောက်ပြချင်တဲ့အတွက် အဲဒီ ၁၇/၁ တွေအားလုံးကို ပယ်ဖျက်လိုက် ပါတော့ဆိုပြီးတော့ အဲဒီအချက်ကို ကျနော်တို့က ထည့်ထားတာပါ”

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နယ်မြေက တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုဘဝလုံခြုံရေး ဖော်ဆောင်ရာမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးကြား ညှိနှိုင်းအဖြေရှာဖို့ကိုလည်း လူထုအခြေပြုအဖွဲ့စည်းတွေက သူတို့ရဲ့ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။ တကယ်တော့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေရမှသာ တိုင်းရင်းသားဒေသခံတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကချင်လူမှုကွန်ယက်အဖွဲ့ တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“စစ်တိုက်ပြီဆိုလို့ရှိရင် ကျမတို့ပြည်သူတွေက ထိပ်ဆုံးက ခံစားရပါတယ်။ အဲဒီတော့ ကျမတို့ ကချင်လူမျိုးတမျိုးထဲမှာတောင်မှ လူဦးရေပေါင်း ၁ သိန်း ၅ သောင်းကျော်က ဒုက္ခသည်စခန်းတွေမှာ ရှိနေပါတယ်။ ဒါကြောင့်မို့လို့ ဒီလူတွေရဲ့ အနာဂတ်ဆိုတာက နောင် သူတို့အတွက် အနာဂတ်မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဒုက္ခသည်တွေကိစ္စကို အကုန်လုံး ဖြေရှင်းနိုင်ဖို့ဆိုတာ ဒီငြိမ်းချမ်းရေး ညီလာခံဟာ အင်မတန် အရေးကြီးပါတယ်။ နောက်တခုကတော့ ကျမတို့ရဲ့အနာဂတ်လူငယ်တွေ ဖြစ်ပါတယ်။ လောလောဆယ် ကချင်လူမျိုးရဲ့ ကလေးငယ် ၁၀% ဟာ ဒုက္ခသည်ဖြစ်နေပါတယ်။ ဒါဟာ လူမျိုးတမျိုးရဲ့ အနာဂတ်ဖြစ်တယ်။ ဒါကြောင့်မို့ ဒီအခြေနေကို အမြန်ဆုံး ပြင်ဆင်မှပဲ ကျမတို့ မျိုးဆက်တခုကို ကောင်းမွန်တဲ့ အနေအထားကို ပို့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီညီလာခံကို ကျမတို့ အင်မတန် အားကိုးပါတယ်ရှင်”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ တပ်မတော်က ဘယ်လောက်ထိ သဘောထားကြီးပြီး လုပ်ဆောင်ပေးမလဲဆိုတဲ့ပေါ် မူတည်နေတယ်လို့ ကိုသွင်လင်းအောင်က သုံးသပ်ပါတယ်။ ပထဦးဆုံးအကြိမ် စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ လူထုအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ လေ့လာခွင့်ရှိသူတွေ အဖြစ်နဲ့သာ တက်ရောက်ခွင့်ရပြီး၊ ပါဝင်ဆွေးနွေးခွင့် မရတာကြောင့် နောင်ထပ်ပြီး ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခွင့်ရဖို့ သူတို့အနေနဲ့ မျှော်လင့်နေကြပါတယ်။

 ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)

Tuesday, August 30, 2016

၂၁ ရာစုပင်လုံညီလာခံတွင် စီအက်စ်အိုအဖွဲ့များကို ဖိတ်ကြား


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံတက်ရောက်ဖို့ ဖိတ်ကြားချက်အရ စီအက်စ်အို ကိုယ်စားလှယ် ၆ ဦးစေလွှတ်တက်ရောက်ကြမှာဖြစ်တယ်လို့ စီအက်စ်အိုဖိုရမ်ဖြစ်မြောက်ရေးပြောခွင့်ရ ကိုသွင်လင်းအောင်က ပြောပါတယ်။

ကိုသွင်လင်းအောင်က “ကျနော်တို့ကို တနေ့ကညနေမှာပေါ့နော် စပြီးတော့ သိရတာပေါ့။ ဖိတ်တယ်ဆိုတဲ့ဟာကို။ ဆိုတော့ စီအက်စ်အိုဖိုရမ်ဖြစ်မြောက်ရေးက အားလုံး ၆ ယောက်တက်ဖို့ ဖိတ်ပါတယ်။ ၆ ယောက်မှာ ၃ ယောက်ကတော့ ဖွင့်ပွဲပြီးသွားရင်လည်း observers (လေ့လာသူများ) အနေနဲ့ ဆက်ပြီး နေလို့ရတယ်။ နောက်ထပ် ၃ ယောက်ကတော့ ဖွင့်ပွဲပဲတက်ရမယ်ပေါ့နော်။ ဖွင့်ပွဲပြီးတာနဲ့ သူတို့ ပြန်လာဖို့ပေါ့။ အဲလိုမျိုး ကျနော်တို့ကို အကြောင်းကြားတဲ့အတွက် ကျနော်တို့ လူရွေးလိုက်တယ်ပေါ့နော်။ လောလောဆယ်မှာတော့ လေ့လာသူအနေနဲ့က ကိုနေလင်းစိုးရယ်၊ ကိုရဲမျိုးဟိန်းရယ်။ ကိုဟန်စိုးရယ်ပေါ့၊ ” လို့ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

ကနဦးပိုင်းက ညီလာခံနဲ့အပြိုင် စီအက်စ်အိုဖိုရမ်ကိုကျင်းပဖို့စီစဉ်ထားတာကြောင့် စီအက်စ်အိုတွေ ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

လက်ရှိ တပြိုင်နက်တည်းမကျင်းပနိုင်တာနဲ့ပတ်သက်လို့ ကိုသွင်လင်းအောင်က “စင်ပြိုင်မဟုတ်ဘူး။ သူက အပြိုင်ကျင်းပမယ်လို့ ပြောခြင်းက သူက အချိန်ကိုပြောတာလို့နားလည်တယ်လေ။ ဟိုဘက်က ၂၁ ရာစုပင်လုံသွားနေတဲ့အချိန်မှာ ဒီဘက်မှာလည်း တချိန်တည်းမှာပဲ ကျင်းပတယ်ဆိုတဲ့အနေမျိုး အဲလိုမျိုးပြောတာခင်ဗျ။ အစကတည်းကလည်း လောလောဆယ်ရှိနေတဲ့ နိုင်ငံရေးမူဘောင်ပေါ့ အရင်အစိုးရကတည်းက ရေးဆွဲခဲ့တာ။ အဲဒီကတည်းက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ပြည်ထောင်စုအဆင့်ညီလာခံတွေနဲ့ တချိန်တည်းမှာ လုပ်သွားမယ်ဆိုတဲ့သဘောရှိတယ်။ အခုကလည်း ကျနော်တို့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေထဲက တခုအနေနဲ့သွားတာဆိုတော့ အပြိုင်သွားတာဆိုတဲ့ အနှစ်သာရ၊ သဘောသဘာဝတော့ မပျောက်သေးဘူးလို့ ကျနော်တို့ယူဆတယ်။” လို့ပြောပါတယ်။

ညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့ထိ ကျင်းပမှာဖြစ်ပါတယ်။

၂၁ ရာစု ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တနိုင်ငံလုံးအပစ်ရပ်စာချုပ် ထိုးတဲ့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော မထိုးတဲ့အဖွဲ့တွေ၊ နိုင်ငံရေးပါတီက တာဝန်ရှိသူတွေက “ညီလာခံတက်ရောက်သူများ” အဖြစ် တက်ရောက်ကြမှာဖြစ်ပါတယ်။
ညီလာခံကို ဦးစီးကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်ရေးဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီး၊ လက်ရှိမှာတော့ တအာင်းပလောင်၊ ရခိုင်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ ညီလာခံတက်ရောက်ရေး မသေချာသေးပါဘူး။

တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်နိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်ဆန်ပြီး ရေရှည် တည်တံ့နိုင်



Posted: August 30, 2016

လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မြန်ဆန်ပြီး ရေရှည် တည်တံ့နိုင်ကြောင်း ရခိုင်ပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်း များမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့တော်ခန်းမတွင် ရခိုင်ပြည်နယ်မှ အရပ်ဖက်လူမူအဖွဲ့အစည်း (၇၈)ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း (၂၃၄)ဦးသည် ပြည်ထောင်စု ငြိမ်းချမ်း ၂၁ ရာစု ပင်လုံညီလာခံ (အကြို)အဖြစ် အဖွဲ့အစည်းများအားလုံး၏ ဘုံသဘောတူညီချက်အရ သြဂုတ်(၂၈)ရက်က သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်က နှစ်ပေါင်းများစွာကြာပါပြီ။ ဒါဟာ ငြိမ်းချမ်ရေး တည်ဆောက်တဲ့အခါ အားလုံးမပါဝင်လို့ ဖြစ်နေရတာပါ။ AA ၊ TNLA ၊ MNDAA စတဲ့ အဖွဲ့အစည်းတွေကိုလည်း ငြိမ်းချမ်ရေးမှာ ပါဝင်လာအောင် မြန်မာ့တပ်မတော်အနေနဲ့ သဘောထားကြီးကြီးထားပြီး ဖိတ်ခေါ်သင့်ပါတယ်။ ဒါမှသာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နိုင်မှာပါ။”ဟု ၀ံလက်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ဒါရိုက်တာ ခိုင်ကောင်းစံက ပြောသည်။

 

ရခိုင်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များတွင် အချင်းချင်းချိတ်ဆက်ပြီး ပြည်တွင်းစစ်များ ချုပ်ငြိမ်းကာ အားလုံး တန်းတူညီမျှသော၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိသော ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာစေရေးအတွက် တခြားသော တိုင်းရင်းသားများနှင့် လက်တွဲဆောင်ရွက်သွားမည် ဆိုသည့် အချက်အပါအ၀င် အချက်(၆)ချက်အား သဘောတူခဲ့ကြကြောင်း သိရသည်။

 

“ကျွန်တော်တို့ ရခိုင်အရပ်ဖက် အဖွဲ့အစည်းတွေ အဓိကအချက်အနေနဲ့ လာမယ့် ၂၁ ရာစု ပင်လုံမှာ ရက္ခိုင့် တပ်မတော် (AA)ကို ပါဝင်လာစေချင်တယ်။ ပြည်ထောင်စုအဆင့်နဲ့ အမျိုးသားအဆင့် နိုင်ငံရေး၊ ငြိမ်ချမ်းရေး ဆွေးနွေးပွဲတွေမှာ အရပ်ဖက် အဖွဲ့အစည်းတွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်” ဟု သင်္ဂဟကမ်းလက်ရက္ခိတ အဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မျက်မှောက်ကာလ ဖော်ဆောင်နေသည့် ငြိမ်ချမ်းရေး ကြိုးပမ်းမူများကို အနှောင့်အယှက် ဖြစ်စေသော စစ်ရေးလှုပ်ရှားမူများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ မပြုလုပ်ကြရန် တောင်းဆိုခဲ့ကြပြီး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမူများကို အဟန့်အတားဖြစ်စေသော မတရား အသင်း ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခြင်းများ မပြုလုပ်ရန်နှင့် ဖမ်းဆီးခံထားရသူများအား ပြန်လွှတ်ပေးရန် တို့ကို တောင်းဆိုချက်များ ပါဝင်သည့် သဘောထားတစ်စောင်ကို ရခိုင်အရပ်ဖက် အဖွဲ့အစည်းများမှ ထုတ်ပြန်ခဲ့ကြသည်။

 

MMK

The Ladies News

ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၉

ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အနှောင့်အယှက် ဖြစ်စေသော မည်သည့် စစ်ရေး လှုပ်ရှားမှုမျိုးကိုမဆို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ပြည်တွင်း၌ မပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ(အကြို) ရခိုင် အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုလိုက်သည်။

သြဂုတ် ၂၈ ရက်က စစ်တွေမြို့ ခိုင်သဇင် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ(အကြို) ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲအပြီး၌ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အဖွဲ့အစည်းတိုင်း ပါဝင်နိုင်ရန်၊ အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်း အချင်းချင်းကြားတွင် ပူးပေါင်းပါဝင်မှု ပိုမို အားကောင်းလာရန် ဆက်လက် လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း ၂၁ ရာစု ပင်လုံ ညီလာခံအကြို ရခိုင်အရပ်ဘက် အဖွဲ့ အစည်းများ ဆွေးနွေးပွဲ  ဖြစ် မြောက်ရေးကော်မတီဝင် ကိုစိုးနိုင်ထွန်းက ပြောသည်။

"၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို အရပ်ဘက် အဖွဲ့အစည်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာလည်းပါတယ်၊ ဒီညီလာခံက ထွက်လာတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ရခိုင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေက တစုတစည်းတည်း ပါဝင်နိုင်ဖို့ကို ရည်ရွယ်ပါ တယ်" ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင်  ရခိုင်အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်မှသာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မြန်ဆန်အောင်မြင်ပြီး ရေရှည် တည်တံ့နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အဟန့် အတားဖြစ်စေသော မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများ မပြုလုပ်ရန် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများကိုလည်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ အချင်းချင်းချိတ်ဆက်ပြီး ပြည်တွင်းစစ်များ ချုပ် ငြိမ်းကာ အားလုံးတန်းတူညီမျှသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော၊ တိုင်းရင်းသားများ အားလုံး လိုလားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် အခြားသော တိုင်းရင်းသားများနှင့် လက်တွဲလုပ်ဆောင်မည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်ထောင်စုအဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်သင့်ကြောင်းတို့ကို ထည့်သွင်းဆွေးနွေးထားကြောင်း ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ(အကြို) ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ အရပ်ဘက် အဖွဲ့အစည်း ၇၈ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၂၃၄ ဦး တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။