Wednesday, October 5, 2016

မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးတွင် တတ်နိုင်သည့်ဘက်မှ ကူညီမည်ဟု အမေရိကန်စစ်တပ် ဒုတိယဗိုလ်ချုပ်ကြီးကတိပြု

Posted: October 5, 2016

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် တိုင်းရင်းသားအရေးတွင် အမေရိကန်နိုင်ငံ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် စစ်တပ်၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စစ်ဌာနချုပ် ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ခ်ျဖီလ်းက ပြောသည်။

 

မြန်မာနိုင်ငံသို့ ရောက်နေသည့် အမေရိကန်၏ ပစိဖိတ်ဒေသ ဆိုင်ရာ စစ်တပ်အကြီးအကဲမှာ အစိုးရ ထိပ်သီး တာဝန်ရှိသူများ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ရန် ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန်အစိုးရမှ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားတော့မည်ဟု ကြေညာခဲ့ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ ၊ တိုင်းရင်းသား အင်အားစုများအကြား ပူပန်မှုများ ရှိခဲ့သည်။

 

အမေရိကန် အစိုးရမှ ပိတ်ဆို့အရေးယူထားသည့် စာရင်းတွင် ယခင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ မူးယစ် လက်နက်ကုန်သွယ်မှုနှင့် ပတ်သက်၍ သံသယ ရှိခြင်းခံရသူ ၊ တပ်မတော်ပိုင် လုပ်ငန်းများနှင့် စစ်ရေးအရ ပိတ်ပင်မှုများ ပါဝင်ပါသည်။

 

မြန်မာစစ်တပ်နှင့် ဆက်ဆံမှုများ ပြုလုပ်ရခြင်းမှာ စစ်ရေးအရ ဆက်ဆံခြင်းမဟုတ်ဘဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့ကို စစ်တပ်မှ လေးစားလိုက်နာစေရန် ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း အမေရိကန် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီးခရပ်ခ်ျဖီးလ်က နိုင်ဟံသာ ဦးဆောင်သည့် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့အား ပြောသည်။

 

“စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေက မြန်မာစစ်တပ်အပေါ် ဆက်ထားထားမယ်ပေါ့လေ။ အခု ဆက်ဆံရေး တိုးမြှင့်တာက စစ်ရေးအရ မပတ်သက်ဘူး။ လက်နက်ရောင်းချတဲ့ ကိစ္စတွေ တစ်ဦးချင်း ပိတ်ဆို့ထားတာတွေ အဖွဲ့လိုက် ပိတ်ထားတာတွေ လွတ်ဦးမှာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်နေတာလည်း သိတယ်ပေါ့လေ။ ငြိမ်းချမ်းရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီမယ်။ စစ်ရေးအရ စစ်တပ်ကို ကူညီမှာ မဟုတ်တဲ့အတွက် မစိုးရိမ်ဖို့လည်း ပြောတယ်” ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

 

အမေရိကန် စစ်ဗိုလ်ချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်မီ အမေရိကန်နိုင်ငံတွင် မြောက်ကိုးရီးယားအရေး ကြားနာမှု တစ်ရပ်ပြုလုပ်ခဲ့ပြီး မြောက်ကိုးရီးယားနှင့် မြန်မာအကြား စစ်ရေးဆက်ဆံမှုများ ဖြတ်တောက်ရန် လိုသည်ဟု အမေရိကန်ဘက်မှ သတိပေးထားသည်။

 

 

The Ladies News

No comments: