Wednesday, October 5, 2016

တာမွေ(ယာယီ)ဈေးကို ခေတ်မီဈေးသစ်ကြီးအဖြစ် တည်ဆောက်မည်

Posted: October 5, 2016

တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)ဈေးကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ခေတ်မီဈေးသစ်ကြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေး(တတိယနေ့) တွင် တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် မေးမြန်းသည့် တာမွေမြို့နယ် ယာယီဈေးနေရာတွင် ဈေးသူ/ ဈေးသား၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် သဘောတူညီချက် ရရှိပြီးဖြစ်သော ယာယီဈေးနေရာတွင် မြို့နယ်အင်္ဂါ ရပ်နှင့် ပြည့်စုံ သည့် အဆင့်မြင့် ဈေးသစ်ကြီးတစ်ခုကို ကန်ထရိုက်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောက်လုပ်ရန် ၂ဝ၁၆ ခုနှစ် မကုန်မီ စတင်ရန် အစီအစဉ် ရှိ/မရှိ ရှိပါက မည့်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို သိရှိလိုပါကြောင်းနှင့်ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

တာမွေ(ယာယီ)ဈေးကို ၁၉၉၄ ခုနှစ် ဧပြီ ၁ရက်က တာမွေကြီး (က+ခ) ရပ်ကွက်ရှိ ယခင် တာမွေဈေးဟောင်း (ယခုတာမွေ ပလာဇာ)နေရာမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဈေးဆိုင်ခန်းများ အနေဖြင့် မှတ်ပုံတင်ဆိုင်ခန်း ၄၄၃ ခန်း၊ တာမွေပလာဇာဆင်း ဆိုင်ခန်း ၁၆ဝ နှင့် ပျံကျကတ်ပြား ဈေးသည် ၇၆၁ စုစုပေါင်း ဆိုင်ခန်း ၁၃၆၄ ခန်းရှိကြောင်း သိရသည်။

တာမွေ(ယာယီ)ဈေးကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီဈေးများဌာနက ကိုင်တွယ် လျက်ရှိပြီး လက်ရှိ ဈေးတာဝန်ခံတစ်ဦး၊ ဝန်ထမ်းလေးဦးနှင့် ဈေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားကာ လပြည့်၊ လကွယ်ရက်များ ကို ဈေးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

Ref: MOI
The Ladies News

No comments: