Friday, October 28, 2016

Xiaomi Redmi Note 4

Device Support - Strong Source
Price - 219,500 Ks
အားသာချက်
မှတ်ဉာဏ်ပိုင်းမှာ မြင့်မားကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ တန်ဖိုးသင့်ဈေးနှုန်း အလယ်အလတ်တန်းစားဖုန်းဖြစ်ပြီး ဈေးနှုန်းနဲ့ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ပိုင်း၊ CPU, GPU, Camera အစရှိတဲ့ Hardware ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ဖုန်းအချက်အလက် လုံခြုံရေးအတွက် Fingerprint Sensor ပါဝင်ပြီး ဖုန်းရဲ့ပါဝါ အသုံးပြုခြင်းအတွက်လည်း သိုလှောင်မှုပမာဏ mAh မြင့်မားတဲ့ ဘက်ထရီကို အသုံးပြုထားတာ တွေ့ရမှာပါ။ မြင်ကွင်းပိုင်းမှာလည်း Screen Resolution မြင့်မားတဲ့ Full HD မြင်ကွင်းမျိုးကို ခံစားနိုင်တဲ့အပြင် ကွန်ရက်ပိုင်းမှာ ဆိုရင်လည်း GSM 2G/3G/ 4G ကွန်ရက်တွေနဲ့ CDMA 800 MHz ကွန်ရက်စနစ်ကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။
အားနည်းချက်
Dual Sim အသုံးပြုနိုင်တဲ့ ဖုန်းဖြစ်ပေမယ့် Sim 2 နေရာတစ်ခုဟာ SD Card နဲ့အတူ တွဲထားတာကြောင့် SD Card ထည့်သွင်း အသုံးပြုမယ်ဆိုရင် SIM Card တစ်ကတ်ပဲ အသုံးပြုနိုင်ပါလိမ့်မယ်။ လတ်တလော အချိန်မှာ တရုတ်ဗားရှင်းပဲ ထွက်သေးတာကြောင့် မြန်မာစာတစ်ပါတည်း ပါဝင်မှာမဟုတ်တဲ့အတွက် မြန်မာစာနဲ့ Google Play Store စနစ်တွေကို ပြန်လည်ထည့်သွင်း အသုံးပြုရမှာပါ။
မြင်ကွင်း
၅.၅  လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး 1920 x 1080 Pixels  (~401 ppi pixel density) ရှိပါတယ်။
ဒီဇိုင်း
ဖုန်းကိုယ်ထည် တည်ဆောက်ပုံဟာ ရိုးရိုးရှင်းရှင်းနဲ့ သေသေသပ်သပ်ရှိတဲ့ ပုံစံမျိုးရှိပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက် ပေးထားတာဖြစ်ပြီး နောက်ဘက်ကာဗာ အနားခုံးပုံစံမျိုး ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၁ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၆ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၄ စင်တီမီတာ ရှိပါတယ်။ ထုထည်အနည်းငယ် ရှိနေပေမယ့် နောက်ဘက်ကာဗာ အနားခုံးပုံစံကြောင့် ကိုင်တွယ်အသုံးပြုချိန်မှာ ထူတယ်လို့ သိပ်မခံစား ရစေပါဘူး။ အလေးချိန် ၁၇၅ ဂရမ်ရှိပြီး ကိုင်တွယ်အသုံးပြုချိန်မှာ လက်နဲ့အံဝင်ခွင်ကျ ရှိစေပေမယ့် အလေးချိန် အနည်းငယ်ရှိတယ်လို့ ခံစားရစေပါတယ်။ Fingerprint Sensor ကိုကျောဘက် ကာဗာပေါ်မှာ တပ်ဆင်ပေးထားပြီး စပီကာတွေကတော့ ဖုန်းရဲ့အောက်ခြေ အနားဘောင်မှာ တပ်ဆင်ထားတာပါ။
နည်းပညာ
လတ်တလောမှာတော့ တရုတ်ဗားရှင်း ဖြစ်နေသေးတဲ့အတွက် ထူးခြားတဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရမှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ MIUI 8 ရရှိခဲ့ရင်တော့ MIUI 8 ရဲ့နည်းပညာ အသစ်တွေကို အသုံးပြုနိုင်မှာပါ။ ကင်မရာပိုင်းမှာလည်း Megapixels မြင့်မားတဲ့ ကင်မရာတွေ ပါဝင်တဲ့အပြင် Age & Gender, Contrast, Saturation, Sharpness အစရှိတဲ့ Setting တွေပါဝင်ပါတယ်။ ဖုန်းရဲ့ အောက်ခြေမှာ ရှိနေတဲ့ Home, Back, Menu အစရှိတဲ့ Android Key တွေပေါ်မှာ မိမိစိတ်ကြိုက် သတ်မှတ်ချက်တွေနဲ့ ပြုပြင်ဖန်တီးပြီး အသုံးပြုနိုင်ပါတယ်။ ဒီဖုန်းမှာတော့ ဖုန်းရဲ့ One Hand Mode ဟာ Default သတ်မှတ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ One Hand Mode ကို အသုံးပြုသူစိတ်ကြိုက် အရွယ်အစားမျိုး ချိန်ညှိအသုံးပြု နိုင်တာကို တွေ့ရမှာပါ။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Redmi Note4 ဟာ ဖုန်းမှာပါဝင်တဲ့ Hardware ပိုင်းနဲ့ Specification တွေ ကောင်းမွန်တယ်လို့ ဆိုနိုင်တဲ့ ဖုန်းဖြစ်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်၊ ကင်မရာနဲ့ ဘက်ထရီ စနစ်တွေအပါအဝင် ဖုန်းရဲ့အသုံးပြုနိုင်မှု အပိုင်းတွေဟာ ပေးရတဲ့ဈေးနှုန်းနဲ့ တန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ကွန်ရက်ပိုင်းမှာ ဆိုရင်လည်း GSM နဲ့ CDMA 800MHz နှစ်မျိုးအသုံး ပြုနိုင်တာဟာလည်း ကောင်းမွန်တဲ့ အချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာ China ဗားရှင်းဖြစ်နေ သေးတဲ့အတွက် မြန်မာစာပိုင်းနဲ့ Google Play Store တွေကိုတော့ ပြန်လည်ထည့်သွင်း အသုံးပြုရပါလိမ့်မယ်။
Network     GSM - 2G/ 3G/ 4G, CDMA 800MHz
SIM            Dual SIM (Nano SIM & Micro Sim)
OS             Android OS, v6.0
CPU           Deca-core 2.1 GHz
GPU           Mali-T880 MP4
Memory      Internal 64 GB, 3 GB RAM, Micro SD 256GB
Camera     13 MP, f/2.0, phase detection autofocus, dual-LED
                 (dual tone) flash, Geo-tagging, touch focus, face/smile            
                 detection, HDR, panorama Video, Secondary 5 MP, f/2.0,
Wi-Fi        802.11 a/b/g/n/ac, dual-band, WiFi Direct, hotspot
Bluetooth  v4.2, A2DP, LE
Battery      Li-Po 4100 mAh Battery

သူတို့အမြင်
Strong Source (YGN)
Redmi Note4 ကို လတ်တလောမှာတော့ ကျွန်တော်တို့တရုတ် ဗားရှင်းပဲရရှိ နိုင်သေးတဲ့အတွက် တရုတ်ဗားရှင်းကိုပဲ စတင်ပြီးရောင်းချ ပေးနေပါတယ်။ Global ဗားရှင်းထွက်တဲ့အထိဆိုရင် ပြည်တွင်းက အသုံးပြုသူတွေအနေနဲ့ အချိန်ခဏ စောင့်ရအုံးမှာပါ။ Global ဗားရှင်းထွက်ရင်လည်း ကျွန်တော်တို့တင်သွင်း ဖြန့်ချိပေးသွားမှာပါ။ လက်ရှိတရုတ် ဗားရှင်းကိုလည်း ကျွန်တော်တို့ တရားဝင် အရောင်းကိုယ်စားလှယ် အနေနဲ့ အာမခံ ၁ နှစ် (1 Year Warranty) နဲ့ရောင်းချ ပေးနေပါတယ်။ Global ဗားရှင်း ရောက်ရှိလာတဲ့ အချိန်မှာလည်း Global ဗားရှင်းကို အာမခံ ၂ နှစ်နဲ့ ရောင်းချပေးသွားမှာပါ။
ကိုကျော်စိုးဟန် (အသုံးပြုသူ)
Redmi Note4 က အသစ်ထွက်ထားတာဆိုတော့ ကျွန်တော်လည်း စိတ်ဝင်စားလို့ ဝယ်ကိုင်လိုက်တာ။ သူ့ရဲ့ Memory နဲ့ ဘက်ထရီကလည်း စိတ်ဝင်စားစရာ ကောင်းနေတယ်လေ။ ဈေးကလည်း နှစ်သိန်းစွန်းစွန်းလေးနဲ့ Memory ကောင်းကောင်း၊ ဘက်ထရီ ကောင်းကောင်းသုံးလို့ ရတယ်ဆိုပြီး ဝယ်လိုက်တာပဲ။ လက်ရှိအသုံးပြု နေတဲ့အချိန်မှာ အဆင်မပြေတာ သိပ်မရှိပါဘူး။ ဒါပေမဲ့ တစ်ခုပဲ၊ တရုတ်ဗားရှင်း ဖြစ်နေတဲ့အတွက် ဇော်ဂျီမြန်မာစာက ပြန်ထည့်ပြီးသုံးတာ အဆင်ပြေနေပေမယ့် Play Store သုံးရတာတော့ တချို့နေရာတွေမှာ နည်းနည်းအဆင် မပြေချင်ဘူး။ ကျန်တာအားလုံးကတော့ ကောင်းပါတယ်။ ကင်မရာလည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ရှေ့ကင်မရာမှာ တခြားဖုန်းတွေလို ဓာတ်ပုံ Effect တွေ ဘာတွေတော့မပါဘူး။ MIUI 8 တင်လို့ရသွားရင်တော့ ဒီထက်ပိုကောင်းလာမယ်လို့ ထင်တာပဲ။
Win Mobile (YGN)
Redmi Note4 မှာတော့ ကျွန်တော့် အမြင်အရဆိုရင် Memory ပိုင်း၊ ဘက်ထရီပိုင်းနဲ့ Display ပိုင်းတွေကို ကြိုက်တယ်လို့ပြောရမယ်။ သူ့ရဲ့ဈေးနှုန်းက နှစ်သိန်းစွန်းစွန်းလေးပဲ ရှိတဲ့အပြင် ဒီဈေးတန်းထဲမှာ Memory 64GB နဲ့ RAM 3GB ဆိုတော့ ဒါကတန်တယ် လို့ကိုပြောရမယ်။ သူ့ထက် ဈေးနည်းနည်း နှစ်သောင်းလောက်နိမ့်တဲ့ Redmi Note3 Pro မှာဆိုရင် 32GB ပဲရှိတယ်။ ဒါ့အပြင် Note 4 မှာ အသုံးပြုထားတဲ့ Display နည်းပညာကိုလည်း သဘောကျပါတယ်။ CPU ပိုင်းမှာဆိုရင်လည်း ရှေ့ကထွက်ခဲ့တဲ့ Redmi Note3 Pro ထပ်ပိုမြင့်ပြီး ပိုကောင်းလာတာ တွေ့ရတယ်။ ဖုန်းရဲ့ကိုယ်ထည် ဖွဲ့စည်းတည်ဆောက်မှု ပုံစံလည်း ကောင်းပါတယ်။ တရုတ်ဗားရှင်းပဲ ဝင်သေးတဲ့အတွက် ခုလက်ရှိတော့ မြန်မာစာနဲ့ Play Store တွေ သုံးလို့ရအောင် လုပ်ပေးနေပါတယ်။ ဒီအပိုင်းမှာ သိပ်ပြဿနာမရှိပါဘူး။ အဆင်ပြေပါတယ်။

Xiaomi Redmi Note 4 SIM Slot
Redmi Note 4 ဖုန်းရဲ့အောက်ခြေမှာ ပါဝင်တဲ့ Home, Back, Menu အစရှိတဲ့ Android Key တွေကို ကိုယ်အသုံးပြုချင်တဲ့ ပုံစံမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒီစနစ်ဟာ အခြားဖုန်းတွေမှာ ပါဝင်တဲ့ Home, Back, Menu တွေကို ဘယ်ညာ လိုအပ်သလို ရွှေ့ပြောင်း အသုံးပြုတဲ့ ပုံစံမျိုးမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ဆိုရင်တော့ Home Key ကို အသုံးပြုတဲ့အခါမှာ Home ကိုပြန်သွားအောင် အသုံးပြုနိုင်သလို Home Key ကိုဖိထားရင် Recent App တွေကိုခေါ်ပြီး ဖျက်နိုင်တာမျိုးတွေ ပြုလုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုပဲ Back Key ကိုလည်း Back စနစ်အပြင် အခြားမိမိ အသုံးပြုလိုတဲ့ Shortcut တစ်ခုကို ထပ်မံဖြည့်စွက် ပေါင်းထည့်ပြီး အသုံးပြုနိုင်ပါတယ်။
ဖော်ပြပါစနစ်ကို အသုံးပြုချင်တယ် ဆိုရင်တော့ Additional Settings ထဲက Buttons ဆိုတဲ့ စနစ်ထဲမှာ အသုံးပြုနိုင်ပါတယ်။ Buttons ထဲမှာ Home, Back, Recents ဆိုပြီးရှိပါတယ်။ ဒီစနစ် တစ်ခုချင်းစီထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ ရှိနေပါတယ်။
  
  
  
One Handed mode ဆိုတဲ့စနစ်ကို အသုံးပြုတဲ့ အခါမှာလည်း တစ်သမတ်တည်း သတ်မှတ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ One handed စနစ်မှာ အသုံးပြုတဲ့သူရဲ့စိတ်ကြိုက် အရွယ်အစားအတိုင်း ချိန်ညှိအသုံးပြု နိုင်ပါတယ်။
  
  
ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာမှာ ထူးခြားတဲ့ ဓာတ်ပုံအသုံးပြု Effect စနစ်တွေ ပါဝင်တာ မတွေ့ရပါဘူး။  Timer နဲ့ Beauty Mode နှစ်ခုပဲ ပါဝင်ပါတယ်။ နောက်ဘက် ကင်မရာမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာ Mode တွေ ပါဝင်ပါတယ်။
  
  
  

Xiaomi Redmi Note 4 Speake

No comments: