Showing posts with label ကုန်သွယ်ရေးနယ်စပ်. Show all posts
Showing posts with label ကုန်သွယ်ရေးနယ်စပ်. Show all posts

Thursday, September 22, 2016

မူဆယ်မှတစ်ဆင့် ဆန်တင်ပို့မှုများ ဖမ်းဆီးခံရမှုများလာ

Posted: September 22, 2016

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ ဆန်တင်ပို့ရာတွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ဖမ်းဆီးမှုများရှိလာခဲ့ပြီး နှစ်လအတွင်း ဖမ်းဆီးမှုပိုမိုများပြားလာခဲ့ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

“အခုနောက်ပိုင်း တောက်လျှောက်ဖမ်းနေတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဦးနေလင်းက ပြောသည်။

“အခုကတော့ တရုတ်ဘက်က ဘာမှ မ၀ယ်ဘူး ။ ဖမ်းဆီးမှုများနေတယ်။ ဈေးကွက်ကလည်း ပျက်နေတယ်” ဟု မန္တလေးအခြေစိုက် ဆန်ကုန်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းသည် မှောင်ခိုသဘောမျိုး ဖြစ်နေသောကြောင့် ဖမ်းဆီးခြင်းများခံနေရကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်ပြည်သို့ တရားဝင်ဆန် မတင်သွင်းနိုင်ခြင်းသည် တင်ပို့သော ဆန်အရည်အသွေး နိမ့်ကျမှုနှင့် တရုတ်ပြည်၏ များပြားလှသော ကန့်သတ်ချက်များကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီ တွဲဖက်ဘဏ္ဍာရေးမှူး ဦးနေလင်းက ပြောကြားသည်။

တရားဝင်ဆန်တင်ပို့နိုင်ရန်အတွက် တရုတ်ပြည်သို့ တရားဝင်ဂိတ်ပေါက်မှ ၀င်ရောက်မည်ဆိုပါက တရုတ်ပြည်မှ သတ်မှတ်ထားသော အရည်အသွေး ထောက်ခံချက်များ လိုအပ်သောကြောင့် နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့်သာ တင်ပို့နေရသည်ဟု ဆိုသည်။

“လောလောဆယ်တော့ ပို့လို့မရသေးဘူး။ လွန်ခဲ့တဲ့ လလောက်ကစပြီး ဆန်မှ မဟုတ်ဘူး။ သကြားတို့ ပြောင်းတို့ အစရှိတဲ့ ကုန်စည်တွေလည်း ပို့လို့မရဘူး။ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်အထိ ပို့လို့မရသေးဘူးဆိုရင်တော့ ကုန်စည်ဈေး ကျဆင်းနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လလယ်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သော တရုတ်ခရီးစဉ်၌ နှစ်နိုင်ငံ တရားဝင် ဆန်တင်ပို့မှု သဘောတူစာချုပ်သစ် ချုပ်ဆိုရန်နှင့် တရားဝင် ဆန်တင်ပို့ရာတွင် အခွန်နှုန်း ကြီးမြင့်စွာ ကောက်ခံနေသည့် အချက်များကို ညှိနှိုင်းပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တင်ပြခဲ့သော်လည်း ထူးခြားလာခဲ့ခြင်းမရှိဟု ဆန်ကုန်သည်များက ဆိုသည်။

“တရုတ်ဘက်ကို ဆန် အပါအ၀င် ကုန်စည်တင်ပို့ခဲ့တာ အရင် ဦးသိန်းစိန် အစိုးရလက်ထက် တစ်ရက်ကို ယွမ်သိန်း ၅၀၀ ဖိုးလောက်ရှိတယ်။ အခုနောက်ပိုင်းတော့ နိုင်ငံရေးပေါ်လစီကြောင့်လားတော့ မသိဘူး။ တရက်ကို ယွမ်သိန်း ၃၀၀ ဖိုးတောင် ပို့နိုင်ဖို့ မလွယ်ဘူး။ ဒီလို ဖမ်းဆီးမှုတွေကြောင့် တင်ပို့မှုတွေမှာလည်း စရိတ်စကတွေက ကြီးမြင့်လာတယ်” ဟု ဦးနေလင်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေရာ ယခင်က မူဆယ် ဆန်ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါး ကျဆင်းလျှက်ရှိကြောင်း သိရသည်။

“ဒီနှစ်အတွက် ဆန်ဈေး မျှော်လို့မရနိုင်တော့ပါ။ ပြည်တွင်းစားသုံး ဆန်ဈေးမြှင့်ပြီး ပြည်ပပို့ဆန်အမျိုး
အစားများ ဈေးအရမ်းကျဆင်းနေပါပြီ။ ယခုနှစ် ဆန်စပါးကလဲ အသစ်ထွက်ဖို့နီးကပ်လာပြီ။ ဒီပုံအတိုင်းသာဆို ဆန်ဟောင်း လက်ကျန်များပြီး ဆန်သစ်တွေ ဈေးကွက် ပျောက်သလိုဖြစ်တော့မယ်။ ဈေးကွက်အသစ် ဖော်ဆောင်ဖို့ကလည်း ဈေးကွက်အနေအထားအရ အခက်အခဲရှိနေမယ် ထင်ပါတယ်။ စိုက်ပျိုးစရိတ် ကြီးမြှင့်လွန်းပြီး အရည်အသွေးနိမ့်တဲ့ မြန်မာ့ဆန်စပါးဟာ တခြားနိုင်ငံတွေရဲ့ ဈေးကွက်နဲ့ယှဉ်ပြိုင်ဖို့ အတော်ခက်ပါတယ်။ တရုတ်ကြီးရဲ့ ပေါ်လစီ ကို မပြောင်းလဲပေးနိုင်ရင် တောင်သူတွေ ဒီနှစ် နလံမထူနိုင်တော့ပဲ နှောင်နှစ် စပါးစိုက်ဖို့ စိတ်ပျက်နေကြတော့မယ်။ အကောင်းဆုံးအဖြေကတော့ စိုက်ပျိုးကုန်ကျစရိတ် လျှော့ချပေးဖို့နဲ့ တရုတ်ကြီးရဲ့ဈေးကွက်အပေါ် ညှိနှိုင်းဆောင်ရွက်ပေးမှသာ မြန်မာ့ဆန်စပါး ပြန်လည် ခေါင်းထောင်လာနိုင်မယ်လို့ ထင်မိပါတယ်”ဟု စံပြနွယ် ဆန်ပွဲရုံပိုင်ရှင် ကိုစိုင်းကျော်က ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဝသန်
The Ladies News