Showing posts with label သားသက်. Show all posts
Showing posts with label သားသက်. Show all posts

Wednesday, October 5, 2016

တရုတ်-မြန်မာ နယ်စပ် မိုင်းလားမြို့တွင် ဆင်သားရေ ရောင်းဝယ်မှုကို ပေါ်ပေါ်တင်တင် ပြုလုပ်လျက်ရှိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြန်မာနိုင်ငံ နယ်စပ်အနီးတွင် မကြာမီက ဆင်သားရေ ကီလို ၄၂၀ ကျော် ဖမ်းဆီးရမိခဲ့သည်။

ဆင်သားရေ ၀ယ်ယူသူ အယောင်ဆောင်ထားသည့် စုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံအတွင်းရှိ မှောင်ခို ရောင်းဝယ်သူ တစ်ဦးထံတွင် ဆင်သားရေအများအပြား စုဆောင်း သိုလှောင်ထားသည်ကိုလည်း တွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံမှ ဆင်သားရေ ၀ယ်ယူရန် မှာယူမှုများရှိသည်ဟု ထိုမှောင်ခို ရောင်းဝယ်သူများက ဆိုသည်။

ဆင်သားရေ မှောင်ခို အရောင်းဆိုင်ပိုင်ရှင်က “ဂွမ်ဒေါင်းမှာ ကျွန်တော့်ဖောက်သည် တစ်ယောက်ရှိတယ်။ ပထမတစ်ကြိမ်တုန်းက ဆင်သားရေ ကီလို ၃၀ ကျော် ပို့ပေးခဲ့ပါတယ်။ အဲဒါတွေအားလုံး သူပြန်ရောင်းပြီးလို့ နောက်ထပ် မှာထားပါတယ်” ဟု ပြောကြားခဲ့သည်။

စုံစမ်းဖော်ထုတ်သူများက မြန်မာနိုင်ငံအတွင်း မိုင်းလားမြို့ရှိ တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးသို့လည်း သွားရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံအတွင်းရှိ “ဆင်တောင်ကြား” ဟု နာမည်ကြီးသည့် ဒေသရှိပြီး ထိုဒေသတွင် ဆင်များ၏ ဆပ်ကပ်ပုံစံပြပွဲများ ကြည့်ရှုနိုင်ပြီး ဆင်သားရေဖြင့် ပြုလုပ်ထားသည့် လည်ဆွဲနှင့် လက်ကောက်များလည်း ၀ယ်ယူနိုင်သည်။

တရုတ်နယ်စပ်အနီးရှိ မိုင်းလားမြို့သည် အစိုးရ၏ အာဏာစက် သက်ရောက်နိုင်ခြင်း မရှိဘဲ ရဲတပ်ဖွဲ့ ချထားနိုင်ခြင်းလည်း မရှိကာ လောင်းကစားနှင့် ပြည့်တန်ဆာ လုပ်ငန်းမှသည် ငွေကြေးခ၀ါချမှုအထိ တရားမ၀င် လုပ်ငန်း အများအပြားရှိနေသည်။ ထို့အပြင် မိုင်းလားသည် မျိုးတုံးမည့် အန္တရာယ် ကြုံတွေ့နေရသည့် တောရိုင်းတိရစ္တာန်များ မှောင်ခိုရောင်းဝယ်ရာ အကြီးမားဆုံး ဈေးကွက်တစ်ခုလည်း ဖြစ်သည်။

“မိုင်းလားမှာ ရဲတပ်ဖွဲ့ မရှိပါဘူး။ ကျွန်တော်တို့ လျှောက်သွားနေတုန်း ကျားရိုးဝိုင်တွေ စည်ကြီးနဲ့ထည့်ပြီး လာရောင်းတာ တွေ့ရပါတယ်။ ဈေးထဲနဲ့ ဆိုင်တွေမှာလည်း လှောင်အိမ်နဲ့ ထည့်ထားတဲ့ မျောက်အရှင်တွေ၊ ကျားသားရေတွေကို ပေါ်ပေါ်ထင်ထင် ရောင်းနေတဲ့ ဆင်သားရေတွေ တွေ့ခဲ့ပါတယ်” ဟု ဆင်သားရေးမှောင်ခိုဈေးကွက်ကို ဖော်ထုတ်ရန် ကြိုးပမ်းနေသူက Daily Mail သတင်းဌာနသို့ ပြောကြားသည်။

ယင်းက “နိုင်ငံတကာမှာ ဆင်စွယ် မှောင်ခိုရောင်းဝယ်မှုတွေကို နှိမ်နင်းလာတဲ့အပေါ် မှောင်ခိုသမားတွေက စိုးရိမ်လာပြီး ဈေးကွက်သစ်အနေနဲ့ ဆင်သားရေ ဈေးကွက်ကို ဖန်တီးတာလို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

KHTun

The Ladies News