Showing posts with label ဗြောက်အိုး၊ မီးရှူးမီးပန်းများ. Show all posts
Showing posts with label ဗြောက်အိုး၊ မီးရှူးမီးပန်းများ. Show all posts

Friday, September 30, 2016

မန္တလေး သီတင်းကျွတ် ပွဲတော်တွင် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်၊ ရောင်းချပါက ပုဒ်မ ၁၈၈ ဖြင့် အရေးယူမည်

မန္တလေး၊ စက်တင်ဘာ ၂၉

မန္တလေး တိုင်းဒေသကြီးအတွင်း သီတင်းကျွတ် ပွဲတော်ကာလတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်၊ ရောင်းချခြင်းများ  မပြုလုပ်ရန် တားမြစ်ထားပြီးဖြစ်ရာ ကျူးလွန်ပါက ပုဒ်မ ၁၈၈ အရ အရေး ယူခံရမည်ဖြစ်ကြောင်း မန္တလေး ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောကြားသည်။

မန္တလေး တိုင်းဒေသကြီးအတွင်း  သီတင်းကျွတ် ပွဲတော် ကာလတွင် ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်၊ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက အရေး ယူခံရမည်ဖြစ်ကြောင်း ယင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

သီတင်းကျွတ် ပွဲတော် ကာလတွင် ဗြောက်အိုး၊ မီးရှူး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းဖြင့် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေခြင်း၊ မသမာသူများက ရပ်ရွာ အေးချမ်း သာယာရေးနှင့် လုံခြုံရေးတို့ကို ထိခိုက်အောင် ပြုလုပ်နိုင်ခြင်းတို့ကြောင့် ယင်းပစ္စည်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဗြောက်အိုး၊ မီးရှူး၊ မီးပန်းများ ပစ်ဖောက် ရောင်းချခြင်း မပြုရန် ဒေသန္တရ အမိန့်ကို စက်တင်ဘာလ နောက်ဆုံး အပတ်က စ၍ သက်ဆိုင်ရာ ခရိုင်အလိုက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း တားမြစ်ချက်ကို ကျူးလွန်ပါက ပုဒ်မ ၁၈၈ အရ အရေးယူမည် ဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က သတိပေး ပြောဆိုသည်။

“အားလုံးကို တစ်ပြေးညီ အရေး ယူပေးစေချင်ပါတယ်။ နှစ်စဉ် နှစ်တိုင်း ဖမ်းမယ်ပြောပြီး လက်ကား ရောင်းတဲ့ဆိုင်တွေ အဖမ်းမခံရတာတွေ ရှိခဲ့ပါတယ်၊ ဖမ်းမိတယ်ဆိုတာ ရပ်ကွက်ထဲမှာ အနည်း အကျဉ်း ရောင်းချတဲ့သူတွေပဲ ဖမ်းမိတာပါ”ဟု ယခင်နှစ်က ဗြောက်အိုးများ ရောင်းချခဲ့ဖူးသည့် ချမ်းမြသာစည်မြို့နယ်မှ အသက် ၄ဝ ခန့်အရွယ် အမျိုးသမီး တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းအတွင်း ၂ဝ၁၅ ခုနှစ်က ဗြောက်အိုးများ ထုတ်လုပ် ရောင်းချသူနှင့် ပစ်ဖောက်သူများ အပါအဝင် ခုနစ်ဦးကို အရေးယူခဲ့ကြောင်း ယင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ထုတ်ပြန် ကြေညာခဲ့သည်။