Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts
Sunday, October 2, 2016
မူလတန်းဆရာများ အရည်အသွေးနည်းဟု ပညာရေးဝန်ကြီး ပြောကြား
ရန်ကုန်၊ အောက်တိုဘာ ၂
ပညာရေး အရည်အသွေး မြင့်မာရေး ဆရာအရည်အချင်း ကောင်းမွန်ရန် အရေးကြီးဆုံးဖြစ်ပြီး မူလတန်းအဆင့် ဆရာများသည် အခြားအဆင့်သင် ဆရာများအောက် အသက်အရွယ်အားဖြင့် ငယ်ရွယ်ခြင်း၊ ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် အရည်အသွေးနည်းကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ အောက်တိုဘာ ၁ ရက်က ပြုလုပ်သော မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာန နှစ် (၅၀) ပြည့် ဂုဏ်ပြုပွဲတွင် ပညာရေး သုတေသန အငြိမ်းစားပညာရှင်များ၊ လက်ရှိတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆရာအရည်အသွေး ကောင်းမွန်ရန် အရေးကြီးနေသည့် အချိန်တွင် အခြေခံပညာအဆင့် မူလတန်းဆရာများ၏ အရည်အသွေး ကောင်းမွန်ရန် ပိုမိုအရေးကြီးကြောင်း၊ အခြေခံပညာ မခိုင်မာလျှင် ယင်းအပေါ် တိုးချဲ့သွားမည့် အလယ်တန်း၊ အထက်တန်း၊ သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး ကောင်းမွန်ရေး တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒီမူလတန်းပညာရေးကို ပြန်ကြည့်လိုက်ရင် အလယ်တန်း၊ အထက်တန်း၊ သက်မွေးပညာ(TVET)၊ အဆင့်မြင့်ပညာ(Higher Education) မှာ ရှိသော ဆရာ၊ ဆရာမများ အားလုံးထက် မူလတန်းမှာ ရှိသော ဆရာ၊ ဆရာမများသည် အသက်အားဖြင့် ငယ်တယ်။ ရင့်ကျက်မှုနည်းခြင်း (less mature)၊ အတွေ့အကြုံနည်းခြင်း (less experience)၊ အရည်အသွေးနည်းခြင်း (less quality) ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး မြင့်မားဖို့ ဆိုရင်တော့ နှစ်နှစ်သင်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ထို့ကြောင့် ဆရာအရည်အသွေး မြင့်မာရေး နှစ်နှစ်သင် ဆရာအတတ်သင် ပညာရေး ကောလိပ်များ(Teacher Education Colleges) ကို လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ် (Education Degree College) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မကွေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချိုချိုစန်း ပြုစုရေးသားသော “ပညာရေးကောလိပ် နှစ်နှစ်သင်ကျောင်းမှ လေးနှစ်သင် ပညာရေး အဆင့်တိုးမြှင့်ခြင်း” စာတမ်းတွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ အတွက် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ကာလ ၂ နှစ်သည် မူလတန်းနှင့် အလယ်တန်းဆရာဖြစ် လက်မှတ်နှစ်မျိုးလုံးအတွက် အချိန်လုံလောက်မှု မရှိကြောင်း ဖော်ပြထားသည်။
ယေဘုယျအားဖြင့် စာသင်နှစ်ဝက်တစ်ခု (ရက်ပေါင်း ၈၀ ခန့်) ၌ စာသင်ရက်ပေါင်း ၆၀ အတွင်း (နည်းပြစစ်ဆေးခြင်းနှင့် နှစ်ဝက်ဆုံး စာမေးပွဲအချိန်ကို ချန်လှပ်စဉ်းစားလျှင်) လက်တွေ့ သရုပ်ပြလေ့ကျင့်ရန် သီတင်းနှစ်ပတ်တွင် သင်တန်းသားတစ်ဦးသည် တစ်ဘာသာအတွက် လေ့ကျင့်ချိန် ၁၅ မိနစ်နှင့် ဆရာများ ပြန်လည်သုံးသပ်ချိန် ငါးမိနစ်ဖြင့် ဘာသာရပ်နှစ်ခုသာ လေ့ကျင့်သင်ကြားခွင့် ရရှိကြောင်း အဆိုပါ စာတမ်းတွင် ရေးသားထုတ်ဖော်ထားသည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လုပ်ငန်းခွင် အကြိုဆရာအတတ်ပညာ ဒီပလိုမာ နှစ်နှစ်သင်တန်း ပြီးဆုံးလျှင် မူလတန်းတာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရမှသာ အလယ်တန်းပြရာထူးသို့ တိုးမြှင့်ခြင်း ခံရသောကြောင့် အဝေးသင်တက္ကသိုလ်သို့ တက်ရောက်ကြရကြောင်း၊ သို့ရာတွင် သိပ္ပံဘာသာရပ် အထူးပြုယူရန် အဆင်မပြေသောကြောင့် ဝိဇ္ဇာဘာသာရပ်ကိုသာ ဆည်းပူးခွင့်ရကြောင်း ရေးသားထားသည်။
“ဒါကြောင့် သင်တန်းပြီးလို့ လုပ်ငန်းခွင်ဝင်သူတွေက အသက်အားဖြင့် ၁၈ နှစ် ဝန်းကျင်သာ ရှိသေးတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို သင်ကြားရတဲ့သူတွေ ဖြစ်တာကြောင့် ဘာသာစကား အသုံးအနှုန်း မကြွယ်ဝသေးတဲ့ ကလေးတွေကို သင်ကြားတဲ့ အတွေ့အကြုံလည်း များစွာလိုအပ်နေသေးတဲ့ အပြင် ရပ်ရွာဒေသ လူ့အဖွဲ့အစည်းနဲ့ ဆက်ဆံဆောင်ရွက်ရာမှာလည်း ရင့်ကျက်မှု အနည်းငယ လိုနေတာကို တွေ့ရပါတယ်” ဟု ကျောင်းအုပ်ကြီး ဒေါ်ချိုချိုစန်းက စာတမ်းကို ကိုးကားပြောကြားသည်။
ထို့ပြင် ဆရာများအား မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်းသို့ ရာထူးအဆင့်ဆင့် တိုးမြှင့်ပေးမှု စနစ်အရ မူလတန်းပညာရေးတွင် လုပ်သက်ရင့်၊ အတွေ့အကြုံများသည့် အရည်အသွေးရှိ ဆရာများ ယုတ်လျော့မှု ဖြစ်စေပြီး နောက်ဆက်တွဲအနေနှင့် ကလေးများ၏ အခြေခံစာတတ်မြောက်မှုစွမ်းရည်ကျဆင်းပြီး ပညာရေး၏ အခြေခံအကျဆုံး မူလတန်းပညာရေး အဆင့်နိမ့်ကျရခြင်း ဖြစ်ကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြပါရှိသည်။
အနီးစပ်ဆုံးအနေနှင့် ထိုင်းနိုင်ငံ၏ မူလတန်းနှင့် အလယ်တန်း ဆရာအတတ်ပညာရေးမှာ သင်တန်းကာလ ငါးနှစ်ကြာပြီး မူလတန်းပြနှင့် အလယ်တန်းပြ ဆရာဖြစ်ဘွဲ့ (Bachelor of Education) ကို ရရှိကြောင်း၊ ထို့ပြင် အခြားအာဆီယံနိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်၊ လာအို၊ မလေးရှား၊ အင်ဒိုနီရှား၊ စင်ကာပူ နိုင်ငံများတွင်လည်း လေးနှစ်ကြာ ဆရာဖြစ် သင်တန်းများ ဖွင့်လှစ်နေကြောင်း ယင်းစာတမ်းအရ သိရှိရသည်။
Monday, September 26, 2016
ချောင်းကူးတံတားမရှိသဖြင့် ကျောင်းသားငယ်များ အခက်ကြုံနေရ
ကျောင်းဆင်းချိန် တောင်ကျချောင်းရေကျသည်နှင့်ကြုံတွေ့ရသဖြင့်
ကျောင်းသားငယ်များ ချောင်းအတွင်း ဖြတ်ကူးနေရသည်ကို 
စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - Soe Wai Han)
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်းမကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းသည့် တောင်ကျချောင်းတွင် ချောင်းကူးတံတားမရှိသည့်အတွက် ကျောင်းသားငယ်များ အခက်အခဲနှင့်ကြုံတွေ့နေကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
"ရွာက ဆင်းရဲနွမ်းပါးတဲ့ ရွာလဲ ဖြစ်နေတော့ ကိုယ်ပိုင်တံတားထိုးဖို့ကလည်း မလွယ်ဘူး။ ကြိုးတံတားဖြစ်ဖြစ်၊ လူကူးတံတားဖြစ်ဖြစ်တော့ လိုချင်တာပေါ့ဗျာ။ ကလေးငယ်တွေ ကျောင်းတက်၊ ကျောင်းဆင်းချိန် တောင်ကျချောင်းရေကျလာရင် အရမ်းအခက်အခဲဖြစ်နေလို့ပါ" ဟု အုပ်ချုပ်ရေမှူးဦးစန်းမြင့်က ပြောသည်။
အင်းမကျေးရွာအရှေ့ဘက်ခြမ်းတွင်ရှိသည့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တက်ရောက်နေကြသည့် ရွာအနောက်ဘက်ခြမ်းနေ ကလေးငယ်များသည် တောင်ကျချောင်းရေကျဆင်းလာပါက ယင်းချောင်းအတွင်းသို့ ဖြတ်ကူးသွားလာကြရကြောင်း၊ ယင်းသို့ ဖြတ်ကူးရာမှ ကလေးငယ်များ ချောင်းရေဖြင့် မျောပါသည့်အဖြစ်များလည်း ကြုံတွေ့ရကြောင်း၊ ကလေးများ ကျောင်းတက် ပျက်ကွက်ရခြင်းများလည်းရှိပြီး ကျောင်းပိတ်ထားရသည်မျိုးလည်းရှိကြောင်း ၎င်းက ပြောဆိုသည်။
တောင်ကျချောင်းရေကျပါက ရွာရှိ ကျောင်းသားမိဘများက ကလေးငယ်များကို ကျောပိုး၍ ချောင်းအတွင်းဖြတ်၍ ကူးကြရပြီး ဆရာ၊ ဆရာမများပါ လိုက်လံစောင့်ရှောက်ကူးပေးနေရသည်ဟု အင်းမကျေးရွာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းဆရာတစ်ဦးဖြစ်သည့် ဦးစိုးဝေဟန်က ပြောသည်။
ကလေးငယ်များ ကျောင်းတက်ရန် အခက်အခဲ ဖြစ်နေသည့်အတွက် ကြိုးတံတားဖြစ်စေ၊ လူကူးတံတားဖြစ်စေ တည်ဆောက်ပေးရန်လိုအပ်လျက်ရှိသည်ဟု ဦးစိုးဝေဟန်ကလည်း ထပ်လောင်းပြောကြားသည်။
အင်းမကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် တက်ရောက်နေသည့်ကျောင်းသူ၊ ကျောင်းသားပေါင်း ၄၁၅ ဦးရှိပြီး အဆိုပါ စာသင်ကျောင်းကို ၁၉၇၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် ပထမနှစ်ကျောင်းသား ဦးရေ ၃၀၀ လက်ခံမည်
 ပညာရေးဝန်ကြီးဌာန အမျိုးသားစီမံခန့်ခွဲမှုပညာကော လိပ်၌ ဖွင့်လှစ်သင်ကြားနေသည့် စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု ပညာ အထူးပြုဘာသာရပ် BBM နှင့် အခြားဒီဂရီဘွဲ့ဘာသာရပ် များအတွက် ပထမနှစ်သင်တန်း သား ၃၀၀ ဦးကို စက်တင်ဘာ ၃၀ ရက်တွင် လျှောက်လွှာခေါ်ယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၆ တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်မြင်ထား သည့် ကျောင်းသား၊ကျောင်းသူ များ တိုက်ရိုက်လျှောက်ထားနိုင် ပြီး စီးပွားရေးလုပ်ငန်းသုံး စီမံခန့် ခွဲမှုပညာ အထူးပြုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အထူးပြုဘာသာ ရပ်အတွက် သင်တန်းသား ၁၀၀ ဦးစီနှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ် စာအထူးပြုနှင့် သတင်းအတတ် ပညာအထူးပြုဘာသာရပ်အ တွက် သင်တန်းသား ၅၀ ဦးစီ လက်ခံမည်ဖြစ်သည်။
BBM နှင့် BA (EPP) တို့အ တွက် ၀င်ခွင့်အမှတ်များသည် တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက်ဖြစ်ပြီး BA (Journalism) နှင့် BA (Touri-sm) တို့အတွက် ရမှတ် ၄၀၀ နှင့်အထက် သတ်မှတ်ခေါ်ယူမည်ဖြစ်ကာ BA (Tourism)  လျှောက်ထားသူသည် အင်္ဂလိပ်စာ ဘာသာရပ်တွင် ရမှတ် ၆၀ရရှိသူများဖြစ်ရမည်ဖြစ်သည်။
ဘွဲ့ကြိုသင်တန်းလျှောက် ထားသူများသည် တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်း (မူရင်း)၊ လျှောက်ထားသူနှင့် မိဘနှစ်ပါး ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ နှစ်ပုံ ဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂ ရီကောလိပ်၊ ကျောင်းသားရေးရာ ဌာနတွင် စက်တင်ဘာ ၃၀ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ လျှောက်ထားနိုင်သည်။
ဝင်ခွင့်ရရှိသူစာရင်းကို နိုဝင် ဘာ ၂၁ ရက်တွင် အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်၌ ကြေညာမည်ဖြစ်ပြီး ပထမနှစ်ဘွဲ့ကြိုသင်တန်းများကို ဒီဇင်ဘာလဆန်းတွင် စတင်ဖွင့် လှစ် သင်ကြားမည် ဖြစ်ကြောင်း အဆိုပါကောလိပ်က ကြေညာ ထားသည်။
Thursday, September 22, 2016
မန္တလေးတွင် ဆောက်လုပ်မည့် ဝန်ထမ်း အိမ်ရာများ၌ ရပ်ဝေးမှ ပညာရေး ဝန်ထမ်းများကို ဦးစားပေးမည်
မန္တလေး၊ စက်တင်ဘာ ၂၁
မန္တလေးမြို့တော်အတွင်း အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ရာ ရပ်ဝေးဒေသများမှ တာဝန် ထမ်းဆောင်ရန် ရောက်လာသည့် ပညာရေး ဝန်ထမ်းများကို ဦးစားပေး ချထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။
ဒုတိယအကြိမ်မြောက် မန္တလေး တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့က ဆက်လက် ကျင်းပခဲ့ရာ ချမ်းမြသာစည်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်၏ မေးခွန်းကို ဝန်ကြီးချုပ်က  ဖြေကြားလိုက်ခြင်းဖြစ်သည်။ 
“ဆရာ၊ ဆရာမများ နေထိုင်ရေး၊ ကျောင်းသား ကျောင်းသူများ သောက်သုံးရေ ရရှိရေးနဲ့ ပတ်သက်လို့ အခုလို မေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဝန်ထမ်းအိမ်ရာတွေအတွက် အလေး ထားပါတယ်။ အိုးအိမ် ဦးစီးဌာနက ဝန်ထမ်းအိမ်ရာတွေ ဆောက်တဲ့အခါ အိမ်ခြေ မရှိတဲ့ ပညာရေး ဝန်ထမ်းတွေကို ဦးစားပေးဖို အစီအစဉ် ရှိပါတယ်။ ပညာရေး ဝန်ထမ်းတွေ အနေနဲ့ လျှောက်ထားဖို့တော့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ဒေသအနှံ့မှ ဝန်ထမ်းများ မန္တလေးမြို့တွင် တာဝန် ထမ်းဆောင်ရာ၌ ပညာရေး ဝန်ထမ်းများ အနေနှင့် အခြားဝန်ထမ်းများထက် နေမှုထိုင်မှုကိစ္စအတွက် ပိုမိုခက်ခဲကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောကြားသည်။
ဆရာ၊ ဆရာမများ နားနေသည့် အဆောင်များကို သက်ဆိုင်ရာ ကျောင်းများ၌ သီးသန့် ဆောက်လုပ်ပေးမည့်အစား မြေဧရိယာ ကျယ်ဝန်းသည့် ကျောင်းများတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်၊ နေထိုင်ခွင့် ချထားပေးနိုင်ခြင်း ရှိ မရှိနှင့် စာသင်ကျောင်းများတွင် ကျောင်းသား ကျောင်းသူများအတွက် သောက်ရေသန့်များ ထားရှိပေးနိုင်ရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 
ဒုတိယအကြိမ်မြောက် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် တတိယပုံမှန် အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့က လွှတ်တော်ခန်းမတွင် ကျင်းပခဲ့ရာ  တက်ရောက်ခွင့် ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦးအနက် ၇၂ ဦး တက်ရောက် ခဲ့သည်။ 
Wednesday, September 21, 2016
သမိုင်းဝင် အင်းစိန် GTI ကျောင်းကြီး ပြန်လည်အသက်ဝင်လာတော့မည်
အင်းစိန်-GTI ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ မော်တော်ယာဉ်အချို့ရပ်နားထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
‘‘ဒီGTIကြီးကို နဂိုယူထားတဲ့ မူလကျောင်းအတိုင်း အကုန်ပြန်ပေးရမယ်။ အားလုံးကို ပညာရေးဝန်ကြီးဌာနလက်ထဲ ပြန်ထည့်ရမယ်။ ပညာရေးဝန်ကြီးဌာနက တကယ်ပိုင်ဆိုင်ရမယ့် မူလပိုင်ရှင်ပါ။ အခုချိန်ခါမှာလွှဲတာ အသေချာဆုံးပဲ’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီလွှဲပြောင်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်သန်းမြင့်အောင်က ပြောသည်။
အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်-GTI) ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မြို့တော်ခန်းမတွင် စက်တင်ဘာ ၉ ရက်က ပြုလုပ်ခဲ့သည်။
‘‘အင်းစိန် GTI အဆောက်အအုံကြီးကို ပညာရှင်များနဲ့ စနစ်တကျပြုပြင်ပြီးတော့ မူလအဆောက်အအုံမပျောက်ပျက်အောင် ပြုပြင်ပြီး နည်းပညာနဲ့သက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်သွားမယ်’’ဟု ပညာရေးဝန်ကြီးဌာနလက်ခံရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ စိုင်းကျော်နိုင်ဦးက ပြောသည်။
သမိုင်းဝင် အင်းစိန် GTI ကျောင်းကြီးကို ၁၉၉၈ တွင် စတင်ပိတ်ခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ လွှဲပြောင်းခဲ့ကာ အများပြည်သူရွေးကောက်တင်မြှောက်ခဲ့သည့် အစိုး ရလက်ထက်တွင် ပညာရေးဝန်ကြီးဌာနသို့  ပြန်လည်လွှဲပြောင်းနိုင်ခဲ့ခြင်းဖြစ်သည်။
‘‘ကျောင်းကို လိုအပ်တာတွေ အားလုံးပြီးပြည့်စုံအောင် အမြန်ဆုံးပြင်မယ်။ ပြင်ပြီးတာနဲ့ စသင်နိုင်အောင် လုပ်မယ်။ ဘတ်ဂျက်တွေ လွှတ်တော်က ခွင့်ပြုတာနဲ့စပြင်မယ်’’ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။
အင်းစိန် GTI ကျောင်းကို ယခင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ၂၀၀၇ တွင် လွှဲပြောင်းပေးအပ်ခဲ့ပြီး ကိုးနှစ်အကြာ၌ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
‘‘ကျောင်းကြီးကို တစ်နည်းတစ်ဖုံနဲ့၊ တခြားရည်ရွယ်ချက်တွေနဲ့ လုပ်နေတာတွေဟာ စိတ်ထဲမှာ မချမ်းသာတာကြာပြီ။ ကျောင်းသားဟောင်းအသင်းအနေနဲ့ နည်းမျိုးစုံနဲ့ တိုက်တွန်းခဲ့တယ်။ အခုက အောင်မြင်မှုရဲ့အစပိုင်းဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ အခု ပညာရေးဝန်ကြီးဌာနလက်ထဲ ပြန်ရောက်သွားတဲ့အတွက် ပညာရေးနဲ့ပတ်သက်တာတွေ လုပ်သွားတော့မှာပါ’’ဟု အင်းစိန် GTI ကျောင်းသားဟောင်း ဦးဖိုးအေးက ပြောသည်။
အင်းစိန် GTI ကျောင်းကြီး နှစ်(၁၂၀)ပြည့် အခမ်းအနားကို ၂၀၁၅ ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပခဲ့ပြီး ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံအဖြစ် မှတ်တမ်းထားရှိနိုင်ရေးအတွက် ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်စာရင်းဝင် ကမ္ပည်းပြားကို တပ်ဆင်မှတ်တမ်း တင်ထားသည်။
အဆိုပါအင်းစိန် GTI ကျောင်းအား ပညာရပ်ဆိုင်ရာ အဆောက် အအုံအဖြစ် ပြန်လည်အသက်သွင်းပေးရန် GTI ဆရာဟောင်း များနှင့် ကျောင်းသားဟောင်းများက တောင်းဆိုခဲ့သည့်အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ကလည်း ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အဆိုပါကိစ္စကို ထည့်သွင်းမေးမြန်းခဲ့ကြသည်။
ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် အင်းစိန် GTI ကျောင်း ပြန်လည်ဖွင့်လှစ်ရန်အစီအစဉ်ရှိ၊ မရှိ အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မေးမြန်းခဲ့သည်။
အင်းစိန် GTI ကျောင်းကြီးကို အစိုးရသစ်လက်ထက်တွင် ပညာရေးဝန်ကြီးဌာနက ပြန်လည်လွှဲပြောင်းယူ၍ မူလအတိုင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခဲ့သည်။
အင်းစိန် GTI ကျောင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းယူထားသည့် အချိန်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာန၊ ဝန်ထမ်းမိသားစုအိမ်ရာ၊ ဟွန်ဒိုင်းကုမ္ပဏီမှ ကား Show Room တစ်ခု၊ ပုဂ္ဂလိကဆေးရုံတစ်ခု၊ ပုဂ္ဂလိကကျောင်းတစ်ခုနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲတပ်ဖွဲ့တစ်ဖွဲ့စခန်းချသည့်အပြင် အခြားအဖွဲ့အစည်းများ ရှိနေကြောင်း အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက မေးခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
GTI ပညာရေးစတင်ခဲ့သည့် ၁၈၉၅ မှ ၁၉၉၅ အထိ နှစ်ပေါင်း ၁၀၀ အတွင်း အင်းစိန် GTI ကို ဗဟိုပြုပြီး မန္တလေး၊ ကလော၊ တောင်ကြီး၊ ပြည်နှင့် ချောက်အပါ အဝင် တစ်နိုင်ငံလုံး၌ စက်မှုလက်မှုသိပ္ပံ ၁၂ ခုအထိ ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် တစ်နိုင်ငံလုံးရှိ စက်မှုလက်မှုသိပ္ပံများ ပိတ်ပစ်ရန် စစ်အစိုးရက ၁၉၉၈ တွင် ဆုံးဖြတ်ခဲ့သည်။
အဆိုပါစက်မှုလက်မှုသိပ္ပံကျောင်းများကို ၂၀၁၃ တွင် ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ပြီး ယခင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုနှင့်သက်မွေးပညာဦးစီးဌာန၊ ယခုပညာရေးဝန်ကြီးဌာန၊ နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနလက်အောက်တွင် စက်မှုလက်မှုသိပ္ပံကျောင်း ၁၁ ခုရှိကြောင်း အဆိုပါဦးစီးဌာန၏စာရင်းများအရ သိရသည်။
သက်တမ်း ၁၂၀ ရှိပြီဖြစ်သည့် အင်းစိန်(GTI)ကို အစိုးရက စာသင်ခွင့်ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း စစ်အစိုးရလက်ထက်မှစ၍ နိုင်ငံရေးလှုပ်ရှားသူများကို ထိန်းသိမ်းသည့်နေရာ၊ ရဲတပ်ရင်းများ ယာယီစခန်းချသည့်နေရာ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ခဲ့သည့် နေရာစသည်ဖြင့် ပုံစံမျိုးစုံ အသုံးပြုခဲ့ကြသည်။
လက်ရှိအချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပညာရေးဝန်ကြီးဌာနသို့ ကျောင်းမြေ ၄၁ ဒသမ ၉၉၇ ဧကနှင့် ယင်းမြေပေါ်ရှိ အဆောက်အအုံများကို လွှဲပြောင်းပေးခဲ့ပြီး အဆိုပါမြေပေါ်တွင် နေထိုင်လျက်ရှိသည့် စည်ပင်ဝန်ထမ်း ၂၇၀ ဦး၊ မိသားစု ၉၇၅ ဦးကို ယခုနှစ်ကုန် နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်က ပြောသည်။
‘‘အခု ပညာရေးဝန်ကြီးဌာနက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နေပြီ။ သူတို့က ပထမ ကျွန်မတို့နဲ့ ဆွေးနွေးပြီးသားပါ။ တချို့က ၂၀၁၇ ဖေဖော်ဝါရီ၊ ၂၀၁၇ ဒီဇင် ဘာ စသဖြင့် ပေးထားတာရှိတယ်။ကျွန်မတို့ကတော့ ကျွန်မတို့ဝန်ထမ်းတွေကို အမြန်ဆုံးခေါ်မယ်’’ ဟု ဒေါ်သန်းမြင့်အောင်က ပြောသည်။
ထို့နောက် အင်းစိန် GTI ကျောင်းကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့်ဆက်လက်ညှိ နှိုင်းသွားမည်ဖြစ်ပြီး အဆိုပါနေရာများကို ဖယ်ရှားပြီးနောက် ကျောင်းကြီးအား မူလပုံစံအတိုင်း ပြန်လည်ပြုပြင်သွားမည်ဖြစ်သည်။
‘‘ကျန်တဲ့ နေရာတွေမှာ နောက်ပိုင်းတိုးချဲ့လုပ်ငန်းတွေအတွက် လိုအပ်တဲ့အလုပ်ရုံ၊ စာသင်ဆောင်၊ ကျောင်းသားဆောင်များ၊ ဝန်ထမ်းဆောင်များကို တည်ဆောက်သွားမယ်။ နဂိုထက်သာတဲ့ နည်းပညာနဲ့ သက်မွေးသင်တန်းတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့ အစီအစဉ်ရှိပါတယ်’’ဟု နည်းပညာ၊ သက်မွေးနှင့် စက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။
အင်းစိန် GTI ကျောင်းကို ပြန်လည်ပြုပြင်ရာတွင် နိုင်ငံတော် ဘတ်ဂျက်အပါအဝင် ဂျာမနီ (GIZ)၊ EU၊ JICA၊ KOICA  အစရှိသည့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်၏နည်းပညာ၊ ငွေကြေး အကူအညီများဖြင့် အမြန်ဆုံးပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
‘‘GTI ကျောင်းမှာ အင်ဂျင်နီယာသင်တန်းစပြီးတော့ သင်ကြားခဲ့တယ်။ အကြောင်းကြောင်းကြောင့် မဆောင်ရွက်နိုင်ခဲ့ဘူး။ အခု ပြန်ဆောင်ရွက်ရင် အရင်ထက်များစွာသာအောင် ပြန်ဆောင်ရွက်မယ်။ ဥပမာ နတ် မောက်ကကျောင်းကို စင်ကာပူနဲ့ပေါင်းပြီး အရင် နတ်မောက် အထက(၁) ဆောင်ရွက်နိုင်တာထက် အများကြီးကောင်းတဲ့ အစီအစဉ်တွေ ဆောင်ရွက်နေတာရှိပါတယ်။ အခုလည်း အဲဒီလိုဆောင်ရွက်သွားမှာပါ’’ဟု ဦးဝင်းမော်ထွန်းက ပြောသည်။
အင်းစိန်စက်မှုလက်မှုသိပ္ပံ (GTI)ကျောင်းတွင် သင်တန်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဒေသလိုအပ်ချက်၊ အလုပ်လိုအပ်ချက်အပေါ်မူတည်၍ သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အင်းစိန် GTI ကျောင်းကို ၁၈၅၉ ကစ၍ အင်ဂျင်နီယာအတတ်ပညာကျောင်းအဖြစ် စတင်ဖွင့်လှစ်ပြီး စက်မှုနှင့်သက်မွေးပညာကဏ္ဍကို ကိုလိုနီခေတ် ဒုတိယကမ္ဘာစစ်ကာလအထိ ယင်းသင်တန်းကျောင်းတစ်ခုတည်းဖြင့်သာ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
‘ မြန်မာအင်ဂျင်နီယာအစ GTIက’ ဟု ပြောစမှတ်ဖြစ်သည်အထိ အောင်မြင်ခဲ့သည့် သမိုင်းဝင်အင်းစိန် GTI ကျောင်းကြီးသည် ယခင်အရိပ်ဆိုးများကို ဖယ်ရှားကာ ကျောင်းသူ၊ ကျောင်းသားများနှင့် ပြန်လည်စည်ကားနေသည့် အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်းအဖြစ် ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။
‘‘ကျောင်းကြီးကို တစ်ခေါက်ပြန်ရောက်သွားရင် ကျွန်တော်တို့ငယ်ငယ်က ပုံစံအတိုင်း သစ်လွင်မှုတော့ မပြောလိုပါဘူး။ ဒါပေမဲ့ သန့်ရှင်းသပ်ရပ်ပြီးတော့ Techni-cal ပညာတွေသင်ကြားနေတဲ့ ကျောင်းကြီးဖြစ်နေမယ်ဆိုရင် အရမ်းဝမ်းသာမိမယ်’’ဟု အင်းစိန် GTI ကျောင်းသားဟောင်း ဦးဖိုးအေးက ပြောသည်။