Sunday, October 2, 2016

မူလတန်းဆရာများ အရည်အသွေးနည်းဟု ပညာရေးဝန်ကြီး ပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂

ပညာရေး အရည်အသွေး မြင့်မာရေး ဆရာအရည်အချင်း ကောင်းမွန်ရန် အရေးကြီးဆုံးဖြစ်ပြီး မူလတန်းအဆင့် ဆရာများသည် အခြားအဆင့်သင် ဆရာများအောက် အသက်အရွယ်အားဖြင့် ငယ်ရွယ်ခြင်း၊ ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် အရည်အသွေးနည်းကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ အောက်တိုဘာ ၁ ရက်က ပြုလုပ်သော မြန်မာနိုင်ငံပညာရေး သုတေသနဦးစီးဌာန နှစ် (၅၀) ပြည့် ဂုဏ်ပြုပွဲတွင် ပညာရေး သုတေသန အငြိမ်းစားပညာရှင်များ၊ လက်ရှိတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆရာအရည်အသွေး ကောင်းမွန်ရန် အရေးကြီးနေသည့် အချိန်တွင် အခြေခံပညာအဆင့် မူလတန်းဆရာများ၏ အရည်အသွေး ကောင်းမွန်ရန် ပိုမိုအရေးကြီးကြောင်း၊ အခြေခံပညာ မခိုင်မာလျှင် ယင်းအပေါ် တိုးချဲ့သွားမည့် အလယ်တန်း၊ အထက်တန်း၊ သက်မွေးပညာရေး၊ အဆင့်မြင့်ပညာရေး ကောင်းမွန်ရေး တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ဒီမူလတန်းပညာရေးကို ပြန်ကြည့်လိုက်ရင် အလယ်တန်း၊ အထက်တန်း၊ သက်မွေးပညာ(TVET)၊ အဆင့်မြင့်ပညာ(Higher Education) မှာ ရှိသော ဆရာ၊ ဆရာမများ အားလုံးထက် မူလတန်းမှာ ရှိသော ဆရာ၊ ဆရာမများသည် အသက်အားဖြင့် ငယ်တယ်။ ရင့်ကျက်မှုနည်းခြင်း (less mature)၊ အတွေ့အကြုံနည်းခြင်း (less experience)၊ အရည်အသွေးနည်းခြင်း (less quality) ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး မြင့်မားဖို့ ဆိုရင်တော့ နှစ်နှစ်သင်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ထို့ကြောင့် ဆရာအရည်အသွေး မြင့်မာရေး နှစ်နှစ်သင် ဆရာအတတ်သင် ပညာရေး ကောလိပ်များ(Teacher Education Colleges) ကို လေးနှစ်သင် ပညာရေး ဒီဂရီကောလိပ် (Education Degree College) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မကွေးပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချိုချိုစန်း ပြုစုရေးသားသော “ပညာရေးကောလိပ် နှစ်နှစ်သင်ကျောင်းမှ လေးနှစ်သင် ပညာရေး အဆင့်တိုးမြှင့်ခြင်း” စာတမ်းတွင် အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူများ အတွက် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း ကာလ ၂ နှစ်သည် မူလတန်းနှင့် အလယ်တန်းဆရာဖြစ် လက်မှတ်နှစ်မျိုးလုံးအတွက် အချိန်လုံလောက်မှု မရှိကြောင်း ဖော်ပြထားသည်။

ယေဘုယျအားဖြင့် စာသင်နှစ်ဝက်တစ်ခု (ရက်ပေါင်း ၈၀ ခန့်) ၌ စာသင်ရက်ပေါင်း ၆၀ အတွင်း (နည်းပြစစ်ဆေးခြင်းနှင့် နှစ်ဝက်ဆုံး စာမေးပွဲအချိန်ကို ချန်လှပ်စဉ်းစားလျှင်) လက်တွေ့ သရုပ်ပြလေ့ကျင့်ရန် သီတင်းနှစ်ပတ်တွင် သင်တန်းသားတစ်ဦးသည် တစ်ဘာသာအတွက် လေ့ကျင့်ချိန် ၁၅ မိနစ်နှင့် ဆရာများ ပြန်လည်သုံးသပ်ချိန် ငါးမိနစ်ဖြင့် ဘာသာရပ်နှစ်ခုသာ လေ့ကျင့်သင်ကြားခွင့် ရရှိကြောင်း အဆိုပါ စာတမ်းတွင် ရေးသားထုတ်ဖော်ထားသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး လုပ်ငန်းခွင် အကြိုဆရာအတတ်ပညာ ဒီပလိုမာ နှစ်နှစ်သင်တန်း ပြီးဆုံးလျှင် မူလတန်းတာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည်။ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ရမှသာ အလယ်တန်းပြရာထူးသို့ တိုးမြှင့်ခြင်း ခံရသောကြောင့် အဝေးသင်တက္ကသိုလ်သို့ တက်ရောက်ကြရကြောင်း၊ သို့ရာတွင် သိပ္ပံဘာသာရပ် အထူးပြုယူရန် အဆင်မပြေသောကြောင့် ဝိဇ္ဇာဘာသာရပ်ကိုသာ ဆည်းပူးခွင့်ရကြောင်း ရေးသားထားသည်။

“ဒါကြောင့် သင်တန်းပြီးလို့ လုပ်ငန်းခွင်ဝင်သူတွေက အသက်အားဖြင့် ၁၈ နှစ် ဝန်းကျင်သာ ရှိသေးတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို သင်ကြားရတဲ့သူတွေ ဖြစ်တာကြောင့် ဘာသာစကား အသုံးအနှုန်း မကြွယ်ဝသေးတဲ့ ကလေးတွေကို သင်ကြားတဲ့ အတွေ့အကြုံလည်း များစွာလိုအပ်နေသေးတဲ့ အပြင် ရပ်ရွာဒေသ လူ့အဖွဲ့အစည်းနဲ့ ဆက်ဆံဆောင်ရွက်ရာမှာလည်း ရင့်ကျက်မှု အနည်းငယ လိုနေတာကို တွေ့ရပါတယ်” ဟု ကျောင်းအုပ်ကြီး ဒေါ်ချိုချိုစန်းက စာတမ်းကို ကိုးကားပြောကြားသည်။

ထို့ပြင် ဆရာများအား မူလတန်းမှ အလယ်တန်း၊ အလယ်တန်းမှ အထက်တန်းသို့ ရာထူးအဆင့်ဆင့် တိုးမြှင့်ပေးမှု စနစ်အရ မူလတန်းပညာရေးတွင် လုပ်သက်ရင့်၊ အတွေ့အကြုံများသည့် အရည်အသွေးရှိ ဆရာများ ယုတ်လျော့မှု ဖြစ်စေပြီး နောက်ဆက်တွဲအနေနှင့် ကလေးများ၏ အခြေခံစာတတ်မြောက်မှုစွမ်းရည်ကျဆင်းပြီး ပညာရေး၏ အခြေခံအကျဆုံး မူလတန်းပညာရေး အဆင့်နိမ့်ကျရခြင်း ဖြစ်ကြောင်း အဆိုပါ စာတမ်းတွင် ဖော်ပြပါရှိသည်။

အနီးစပ်ဆုံးအနေနှင့် ထိုင်းနိုင်ငံ၏ မူလတန်းနှင့် အလယ်တန်း ဆရာအတတ်ပညာရေးမှာ သင်တန်းကာလ ငါးနှစ်ကြာပြီး မူလတန်းပြနှင့် အလယ်တန်းပြ ဆရာဖြစ်ဘွဲ့ (Bachelor of Education) ကို ရရှိကြောင်း၊ ထို့ပြင် အခြားအာဆီယံနိုင်ငံများ ဖြစ်သော ဖိလစ်ပိုင်၊ လာအို၊ မလေးရှား၊ အင်ဒိုနီရှား၊ စင်ကာပူ နိုင်ငံများတွင်လည်း လေးနှစ်ကြာ ဆရာဖြစ် သင်တန်းများ ဖွင့်လှစ်နေကြောင်း ယင်းစာတမ်းအရ သိရှိရသည်။

No comments: