Sunday, October 2, 2016

နန်းယွန်းမြို့နယ်၌ အဖျားရောဂါကြောင့် ငါးဦး သေဆုံး၊ ကလေးငယ် ၃၀၀ ကျော် ဝေဒနာ ခံစားနေရ


နန်းယွန်း၊ အောက်တိုဘာ ၂

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် အတွင်း၌ စက်တင်ဘာ ၁ ရက်မှ စတင် ဖြစ်ပွားနေသည့် အဖျားရောဂါကြောင့် တစ်လအတွင်း သေဆုံးသူ ငါးဦး ရှိသွားပြီဖြစ်ပြီး ကလေးငယ် ၃၀၀ ကျော် ဝေဒနာ ခံစားနေရကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်က ပြောသည်။

နန်းယွန်းမြို့ တကားကျေးရွာတွင် ၁၅ နှစ်အောက် ကလေးငယ်များသည် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ချောင်းဆိုး၊ ဖျားနာသည့် ဝေဒနာ ခံစားနေရကာ စက်တင်ဘာ ၂၅ ရက် အရောက်တွင် ဦးရေ ၃၀၀ ကျော်အထိ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

ရောဂါ ဖြစ်ပွားသည့် ကျေးရွာသည် ဖုန်းဆက်သွယ်ရေး ခက်ခဲခြင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် စတင်ဖြစ်ပွားသည့် အချိန်တွင် အဆက်အသွယ် မရခြင်းကြောင့် နောက်ကျပြီးမှ သိခဲ့ရခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၅ ရက် အရောက်တွင် လူကြီးများပါ ဝေဒနာ ခံစားခဲ့ရပြီး ယင်းရောဂါကြောင့် ကလေး နှစ်ဦး၊ လူကြီး သုံးဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

“နာဂဒေသထဲ ဆိုပေမယ့် အဲ့ဒီရွာက ကချင်ပြည်နယ်နဲ့ အစပ်မှာဗျ။ လမ်းပန်း ဆက်သွယ်ရေး အရမ်း ခက်တယ်။ မနေ့ ညနေ ခြောက်နာရီလောက်ကတော့ ဒီက လွှတ်လိုက်တဲ့ ဆရာဝန်အဖွဲ့ ရောက်သွားပြီလို့ ပြောတယ်။ အဆက်အသွယ်ကလဲ အရမ်း ခက်တော့ နောက်ထပ် ဘာမှ မသိရသေးဘူး”ဟု ဦးကေဆိုင်က ယနေ့ (အောက်တိုဘာ ၂ ရက်) တွင် ပြောသည်။

ရောဂါ ဖြစ်ပွားနေသည်ကို သိရှိပြီးနောက် ကျန်းမာရေးမှူး တစ်ဦး၊ ဘက်စုံသားဖွား ဆရာမ တစ်ဦး အပါအဝင် ဆေးဝန်ထမ်းများကို ဆေးပစ္စည်း အစုံအလင်ဖြင့် စက်တင်ဘာ ၃၀ ရက်က တကားကျေးရွာသို့ စေလွှတ်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဖြစ်ပွားသည့် ရောဂါသည် ဝက်သက်ရောဂါ မဟုတ်ဘဲ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ဝေဒနာ ခံစားရသည့် ရောဂါဖြစ်ကြောင်း သိရှိရပြီး ရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်

No comments: