Sunday, October 2, 2016

နန်းဖာလုံဈေးအနီး၌ လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း တမူးမြို့နယ် နန်းဖာလုံဈေးအနီးတွင် ယနေ့ (အောက်တိုဘာ ၂ ရက်) မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က လူလေးဦးက လူတစ်ဦးကို သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ်နေမင်းစိုးက ပြောသည်။

သေနတ်ကိုင်ထားသည့် လူလေးဦးက သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တစ်ချက်မှာ ဦးသန်းထွေးကို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“ဟိုဘက်ကမ်းနဲ့က နီးနီးလေးဆိုတော့ ပစ်ပြီးတော့ ပြေးတာ မဖမ်းမိလိုက်ဘူး။ သေနတ်မှန်ခံရတဲ့ သူကတော့ အသက်သေဆုံးခြင်းတော့ မရှိဘူး။ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု တမူးမြို့မ ရဲစခန်းမှ ဒုရဲအုပ် နေမင်းစိုးက ပြောသည်။

နန်းဖာလုံဈေးသို့ ဈေးလာဝယ်သည့် တမူးမြို့ မြို့မ (၈) ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် ဦးသန်းထွေး ဆိုသူကို ယင်းဈေးအနီး Best one စတိုးဆိုင်အရှေ့ သုံးဘီးဂိတ်အနီး၌ လူလေးဦးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်ခံရသူမှာ ဒဏ်ရာရရှိခဲ့သည့်အတွက် တမူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း ၎င်းက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အပစ်မခံရမီ အချိန်က သေနတ်ဖြင့် လာရောက်ပစ်ခတ်သူ လေးဦးထဲမှ တစ်ဦးနှင့် Best one စတိုးဆိုင်အတွင်း၌ စကားပြောနေသည်ကို တွေ့ရကြောင်း၊ ယင်းနောက် သေနတ်များဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် နန်းဖာလုံဈေးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပူဟန်

No comments: