Saturday, October 29, 2016

ကလေးသူငယ်များကို ကာကွယ်သည့် ဥပဒေများ မည်မျှပင် ထုတ်ထားသော်လည်း လျစ်လျူရှု၍ ကြည့်နေရသည့် အနေအထားဖြစ်နေ


Posted: October 28, 2016

ကလေးလုပ်သားများနှင့် ပတ်သက်၍ ကလေးသူငယ်များကို ကာကွယ်သည့် ဥပဒေများ မည်မျှပင် ထုတ်ထားသော်လည်း လျစ်လျူရှု၍ ကြည့်နေရသည့် အနေအထားဖြစ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၂၈ ရက်တွင်ပြောသည်။

 

ရခိုင်ဝန်ကြီးက တိုင်းလွှတ်တော်တွင် ဖြေဆိုမှုတွင် ကလေး လုပ်သားများအား ဥပမာအနေဖြင့် ပြု၍ ပြောဆိုသည်။

 

“အဲဒီကလေးတွေ အလုပ်လုပ်နေတာကို ကျွန်တော်တို့က အတင်းအဓမ္မမလုပ်ပါနဲ့ သွားပြီးလုပ်ရင်လည်း သူတို့မိသားစု စားဝတ်နေရေး က တော်တော်ကို ခက်ခဲနေတာရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံက rule of law ဖြစ်ဖို့အတွက်ကို အစိုးရအဖွဲ့ရယ် ပြည်ထောင်စုအစိုးရ အဖွဲ့ရယ် တိုင်းဒေသကြီးအစိုးရအဖွဲ့များက အတတ်နိုင်ဆုံး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီလိုကလေးများအတွက် အလုပ်သမားဥပဒေမှာလည်း ပြဋ္ဌာန်း ထားပြီးသား ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်းပဲ မူလတန်းပညာကို မသင်မနေရ နိုင်ငံတော်အစိုးရက အကုန်ကျခံပြီးတော့ ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်” ဟု ဦးဇော်အေးမောင်ကပြောသည်။

 

စမ်းချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် မိသားစုအရေးအတွက် ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေ၍ ပညာသင်ကြားခွင့်မရှိသည့် ကလေးသူငယ်များ ကလေးသူငယ် အခွင့်အရေး ဆုံးရှုံးနေမှုများကို ကူညီစောင့်ရှောက်ရန် အစီအစဉ်ရှိမရှိနှင့် ပညာသင်ကြားခွင့် ရရေးအတွက် အထူးပညာရေး အစီအစဉ်ရှိမရှိ မေးမြန်းမှုကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ကိုယ်စား ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် က ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

ကလေးလုပ်သားဖြစ်နေပြီး ပညာသင်ကြားခွင့် မရသည့် ကလေး သူငယ်များအတွက် အထူးပညာရေး အစီအစဉ်အနေဖြင့် ပညာရေး ၀န်ကြီးဌာန အောက်တွင် ကျောင်းပြင်ပ ပညာရေးဦးစီးဌာန တစ်ခု ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်ဟုလည်း ၀န်ကြီးကဆိုသည်။

 

“နိုင်ငံတော်အစိုးရနဲ့ ပြင်ပ အဖွဲ့အစည်းများက ကျောင်းပြင်ပ ပညာရေး ကို ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိ မော်ဒယ်လ်အနေနဲ့ ပညာရေးဝန်ကြီး ဌာနမှာ ကျောင်းပြင်ပ ပညာရေးဦးစီးဌာန တစ်ခု အသစ်ဖွင့်လှစ် ဆောင်ရွက် လျက် ရှိပါတယ်။ ဒီကလေးတွေကို ကျောင်းရဲ့ပြင်ပ အချိန် သူတို့အားတဲ့ အချိန်လေးတွေမှာ ပညာရေးကို သင်ကြားပေးသွားဖို့ ဆောင်ရွက်စီစဉ်လျက် ရှိပါတယ်” ဟု ၀န်ကြီး ဦးဇော်အေးမောင်က ဆက်လက်ပြောကြားခဲ့သည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: