Friday, October 28, 2016

Touch Bar ပါဝင်သည့် နောက်ဆုံးပေါ် MacBook Pro ကို Apple ပွဲထုတ်မိတ်ဆက်

အောက်တိုဘာလ ၂၇ ရက်က ကျင်းပခဲ့သော Hello Again အခမ်းအနားတွင် Apple က Touch Bar ပါဝင်သော MacBook Pro လက်တော့ပ်သစ်များကို ပွဲထုတ်ပြသခဲ့သည်။
ကီးဘုတ်၏ အထက်တွင်ပါဝင်သော Touch Bar သည် အသုံးပြုနေသည့် app အပေါ်မူတည်ကာ ပြောင်းလဲပေးမည့် menu ခလုတ်များ၊ control slider များ၊ dial များနှင့် tool များကို ပြသပေးနိုင်သည်။ Function ခလုတ်များနေရာတွင် အစားထိုးပါဝင်လာသည့် Touch Bar သည် Final Cut Pro တွင် ဗီဒီယိုများ တည်းဖြတ်နိုင်ခြင်း၊ Photos app တွင် ဓာတ်ပုံများကို တည့်မတ်ခြင်း၊ စာရိုက်သည့်အခါတွင် autofill များ ရွေးချယ်နိုင်ခြင်း စသည်တို့ကို ပြုလုပ်စေနိုင်သည်။ သုံးစွဲသူများက tool အသစ်များကို Touch Bar ထံ ဆွဲထည့်ခြင်းဖြင့် စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်သည်။

ထို့အပြင် MacBook Pro သစ်သည် Touch ID ပါဝင်လာသည့် ပထမဦးဆုံး Mac ဖြစ်သည်။ ၎င်းလုပ်ဆောင်ချက်ကို Touch Bar ရှိ power ခလုတ်တွင် ထည့်သွင်းထားသည်။ သုံးစွဲသူများသည် ၎င်းတို့၏ လက်ဗွေများဖြင့် log in ဝင်ရောက်နိုင်သလို Apple Pay ဖြင့် အွန်လိုင်းငွေပေးချေမှုများအား လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်သည်။
အဆိုပါ MacBook Pro သစ်များသည် အကျဘက်သို့ရောက်နေသည့် တစ်ကိုယ်ရေသုံးကွန်ပျူတာဈေးကွက်ကို ပြန်လည်ဦးမော့လာစေလိမ့်မည်ဟု Apple က မျှော်လင့်ထားသည်။
MacBook Pro သစ်ကို အရွယ်အစားနှစ်မျိုးဖြင့် ရရှိနိုင်မည်ဖြစ်သည်။ အထူ ၁၄.၉ မီလီမီတာရှိပြီး အလေးချိန် ၃ ပေါင်ရှိသော ၁၃ လက်မအမျိုးအစား၏ တန်ဖိုးမှာ ၁,၇၉၉ ဒေါ်လာဖြင့် စတင်မည်ဖြစ်သည်။ ၁၅ လက်မ အမျိုးအစား၏ အထူက ၁၅.၅ မီလီမီတာဖြစ်ပြီး အလေးချိန် ၄ ပေါင် ဖြစ်ကာ ၂,၃၉၉ ဒေါ်လာဖြင့် စတင်မည်ဖြစ်သည်။

Touch Bar နှင့် Touch ID မပါဝင်သော ၁၃ လက်မ MacBook Pro ကိုမူ ၁,၄၉၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ Apple သည် ၁၁ လက်မ MacBook Air ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်သောကြောင့် ၁၃ လက်မ MacBook Air ကသာ budget မော်ဒယ်အဖြစ် ဆက်ရှိနေမည်ဖြစ်သည်။
MacBook Pro သစ်များတွင် အရွယ်ကြီးမားသော trackpad များ၊ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားသည့် ကီးဘုတ်ဒီဇိုင်းများ၊ စွမ်းအင်သုံးစွဲမှုနည်းပါးသည့် တောက်ပသော display များနှင့် ဒီဇိုင်းပြင်ဆင်ထားသော စပီကာများ ပါဝင်သည်။ MacBook သစ်များ၏ ဘက်ထရီသက်တမ်းသည် ၁၀ နာရီခန့်ဖြစ်ပြီး ယခင် ၁၃ လက်မ MacBook Pro များ၏ ဘက်ထရီသက်တမ်းနှင့် တူညီကာ ၁၅ လက်မအမျိုးအစားထက် တစ်နာရီပိုမိုမည် ဖြစ်သည်။
Ref: CNET

No comments: