Showing posts with label စစ်ဘေးရှောင်. Show all posts
Showing posts with label စစ်ဘေးရှောင်. Show all posts

Thursday, October 6, 2016

နမ္မတူမြို့ရှိ လီဆူစစ်ရှောင်စခန်းနေပြည်သူများ ဆောင်းရာသီအတွက် စားနပ်ရိက္ခာနှင့် အနွေးထည်များလို အပ်နေ

Posted: October 6, 2016

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ရှိ လီဆူစစ်ရှောင်စခန်းနေ ပြည်သူများ မှာ ဆောင်းရာသီအတွက် စားနပ် ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေပြီး အလှူရှင်များကို မျှော်လင့်နေရကြောင်း လီဆူစစ်ရှောင်စခန်းထံမှ သိရှိရသည်။

 

နမ္မတူမြို့နယ်၊ ပန်ကော့ကျေးရွာဒေသခံများကို တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA)မှ ဇူလိုင်လအ တွင်းက ကျေးရွာအတွင်းမှ ခေတ္တရှောင် တိမ်းစေခဲ့ခြင်းကြောင့် နမ္မတူမြို့တွင်ခိုလှုံနေကြရခြင်းဖြစ်ကာ အောက်တိုဘာ ၅ ရက်အထိ နေရပ် မပြန်နိုင်သေးကြောင်း သိရသည်။

 

“ကျွန်မတို့ကို တအာင်းတပ်ကနေပြီးတော့ ခဏရှောင်ပေးဆိုလို့ ပစ္စည်းတွေ သိမ်းပြီးတော့ ဒီနမ္မတူမြို့မှာ ရှိတဲ့ လီဆူဘုရားကျောင်းမှာ လာပြီးနေ တာပါ။ လောလောဆယ်မှာတော့ ဆောင်းရာသီ ရောက်လာပြီဆိုတော့ ကျောင်းသားတွေ၊ ကလေးတွေအတွက် အနွေးပစ္စည်းတွေတော့ လိုအပ်ပါ တယ်။’’ဟု ပန်ကော့ကျေးရွာမှ စစ်ရှောင်ပြည်သူ ဒေါ်ဆာရာကပြောသည်။

 

နမ္မတူမြို့ရှိ လီဆူဘုရားကျောင်းတွင် ခိုလှုံနေသည်မှာ (၃)လကျော် ကြာပြီဖြစ်သဖြင့် နေရပ်သို့ပြန်ကာ တောင်ယာလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လိုကြကြောင်း စစ်ရှောင်ပြည်သူများက ပြောသည်။+

 

“လတ်တလောကတော့ စားဝတ်နေရေးက ကြာလာတော့ အခက်အခဲ ဖြစ်လာရပါတယ်။ တအာင်းအဖွဲ့က ရှောင်ခိုင်းလို့ ရောက် လာကြတာပါ။ အခက်အခဲကတော့ အများကြီး ရှိတာပေါ့’’ဟု လီဆုစစ်ရှောင်စခန်း တာဝန်ခံ ဦးဝမ်လုကပြောသည်။

 

လီဆူစစ်ရှောင်စခန်းတွင် မန်တုံမြို့နယ်၊ ပန်ကော့ကျေးရွာမှ လီဆူလူမျိုးများ နေထိုင်ကြပြီး ဇွန်လပထမပတ်မှ စတင်ရောက်ရှိနေခြင်းဖြစ် ကာ အိမ်ထောင်စု ၅၀ တွင် လူဦးရေ ၂၀၀ ကျော် ခိုလှုံနေကြသည့်အပြင် နမ္မတူမြို့ရှိ စစ်ရှောင်စခန်း ၂ ခုတွင် စစ်ရှောင်ပြည်သူ ၅၀၀ ဝန်းကျင်နေထိုင်ကြောင်း သိရသည်။

 

MMK

The Ladies News

Tuesday, October 4, 2016

မိုင်းကိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော RCSS/SSA နှင့် တပ်မတော် တိုက်ပွဲကြောင့် ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော် ရှိနေပြီဟုဆို


Posted: October 4, 2016

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းကိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အောက်တိုဘာလ ၃ ရက်နေ့အထိ ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်တို့သည် မိုင်းကိုင်မြို့နယ်အတွင်း ဒုံလောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက် နေထိုင်နေရသည်ဟု မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆိုင်မိန်းက The Ladies သို့ ပြောသည်။

မိုင်းကိုင်မြို့နယ်ရှိ  အာစီအက်စ်အက်စ်မှ ထူထောင်ထားသည့် လူငယ်ဆေးဖြတ်စခန်းများအား လူသစ် စုဆောင်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အစိုးရတပ်မှ ၀င်ရောက်စီးနင်းရာမှ စခန်းလုံခြုံရေးက ပြန်လည်ခုခံသဖြင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။ အခုမှဖြစ်တာ။ ဒုက္ခသည်တွေအတွက် အစားအသောက် နေရာထိုင်ခင်းနဲ့ လူအများကြီးက တစ်နေရာတည်းမှာ နေရတာဆိုတော့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တယ်” ဟု ဦးစိုင်းဆိုင်မိန်းက ပြောသည်။

RCSS / SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှာ အစိုးရနှင့် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့လည်းဖြစ်ပြီး မိုင်းကိုင် မြို့နယ်၊ တုံလောကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး စစ်ဘေးရှောင်များမှာ တုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသည်။

RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းလ က “ကျွန်တော်တို့ ပေါ်လစီအရ ဒေသခံတွေ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး မူဝါဒကြောင့်ပါပဲ။ အဲ့ဒီမူဝါဒအတွက် ဒေသခံပြည်သူလူထုနဲ့ လက်တွဲပြီးတော့ လူငယ်တွေ အတွက် စာရိတ္တပြုပြင်ရေး စခန်းတွေ လုပ်ပါတယ်။ သူတို့ မူးယစ်ဆေးဝါးဖြတ်တဲ့ စခန်းတွေကို လုပ်ပေးပါတယ်။ အဲ့ဒီမှာသူတို့က အထင်မှား အမြင်မှား ဖြစ်ပြီးတော့ ကျွန်တော်တို့ လူသစ်စုဆောင်းတဲ့ နေရာ၊ လေ့ကျင့်တဲ့ နေရာဆိုပြီးတော့ ၀င်တိုက်ချေမှုန်းတဲ့ အတွက်ကြောင့် ပြန်လည်ခုခံရာက အခုလို တိုက်ပွဲတွေဖြစ်ရခြင်း ဖြစ်ပါတယ်” ဟု အောက်တိုဘာလ ၃ ရက်နေ့က The Ladies သို့ ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး တိုးချဲ့လုပ်ဆောင်ရန် အတွက် ဒေသခံရဟန်းရှင်လူများ တောင်းဆိုချက်အရ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့က ဇူလိုင်လဆန်းမှ စတင်ပြီး မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သယ်ဆောင် ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြောင်း သိရပြီး နမ့်လန်ဒေသရှိ မူးယစ်လက်ဝယ်တွေ့ရှိသူများအား ဖမ်းဆီးမှုတွင် တပ်မတော်သား တစ်ဦး ပါဝင်ခဲ့ကြောင်း နမ့်လမ်ဒေသတွင် သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

ဝသန်

The Ladies News

Saturday, October 1, 2016

လက်နက်ကြီးကျည်မှန်ပြီး ကလေးငယ်တစ်ယောက် သေဆုံး


 

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာန်းအမျိုးသား တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေ တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Thar/RFAဒီနေ့မနက်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်းကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာအနီးမှာ အစိုးရနဲ့ ကေအိုင်အို တပ်တွေရဲ့ တိုက်ပွဲကြောင့် ကလေးငယ်တစ်ယောက် လက်နက်ကြီး ကျည်ဆံထိမှန်သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြပါတယ်။

အစိုးရတပ်က တပ်မ ၉၉ လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ တပ်တွေ အကြား တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်ကြီးကျည်ဆံ ထိမှန်တာကြောင့် ကလေးငယ် သေဆုံးသွားတာဖြစ်တယ် လို့ မုန်းကိုး ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖြစ်တာက ဒီမနက် ၆ နာရီနဲ့ ၆ နာရီခွဲကြားမှာ အစိုးရစစ်ကြောင်းက တပ်မ ၉၉ လို့ကြားတယ်၊ ဖြစ် တဲ့နေရာက ကေအိုင်အေ တပ်ရင်း ၃၆ နယ်မြေပေါ့၊ ဖောင်းဆိုင်ဒေသ ပူးဝမ်းဆိုတဲ့ကျေးရွာမှာပေါ့၊ အဲဒါ အစိုးရစစ်ကြောင်းကနေ လက်နက်ကြီး ၆ လုံး ရွာထဲပစ်လိုက်တယ်၊ အဲဒီမှာ ကလေး ၃ ယောက် ထိတာပေါ့၊ ကလေး ၃ ယောက်ထဲကနေ အငယ်ဆုံး အသက်က ၂ နှစ်ကျော်ပဲ ရှိသေးတယ်၊ ဇုံးမျှော် ဆိုတဲ့ အမျိုးသမီး ကတော့ အသက်ဆုံးသွားပြီပေါ့၊ ကျန်တဲ့ကလေး ၂ ယောက်ကျတော့ ယောက်ျားလေးတွေ၊ တစ်ယောက်က ဒဏ်ရာပြင်းတယ်၊ နောက်တစ်ယောက်က ခြေထောက်မှာထိတာ ဆိုတော့ သိပ်မစိုးရိမ်ရဘူး၊ ဗိုက်ထိတဲ့ ကလေးကျတော့ စိုးရိမ်စရာရှိတယ်"

ကျန်တဲ့ကလေး ၂ ယောက်ကို တရုတ်နိုင်ငံဘက်က ဆေးရုံမှာ ကုသနေရတယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲကြောင့် အိမ်ခြေ ၆ဝ လောက်ရှိတဲ့ ပူးဝမ်းကျေးရွာက ရွာသူရွာသားတွေ အားလုံး တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese

ငါးနှစ်အတွင်း စစ်ဘေးရှောင် တစ်သိန်းနီးပါး နေရပ် စွန့်ခွာရဆဲဟု ကုလထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ဒုက္ခသည် ၉၇,ဝဝဝ ကျော်မှာ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က  စက်တင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒုက္ခသည် အများစုမှာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှဖြစ်ကြောင်း OCHA က ပြောဆိုထားသည်။

OCHA ၏ ထုတ်ပြန်ချက်အရ ဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒုက္ခသည် စခန်းပေါင်း ၁၇၂ ခုရှိပြီး စစ်ဘေးရှောင်များမှာ အဆိုပါ စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ် အတွင်းကလည်း ကရင်ပြည်နယ်တွင် တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

စစ်ဘေးရှောင် ၄ဝဝဝ ခန့်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရပြီး အစားအစာ အပါအဝင်  အခြား အသုံးအဆောင် ပစ္စည်းများကို  လူမှုအဖွဲ့အစည်းများက ထောက်ပံ့ခဲ့ကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် နေ့ကလည်း အမေရိကန် သံအမတ်ကြီး မာစီရယ်လ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် အမေရိကန် သံအမတ်ကြီးက ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မှ တိုက်ပွဲများ အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“တကယ့် Ground မှာ အခက်အခဲကတော့ ဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊  ဆားဆိုတဲ့ စားနပ်ရိက္ခာပါပဲ။ အဖွဲ့တွေက လှူဖို့အတွက် ခရီးလမ်းကလည်း ခက်သလို  အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူရတယ်။  အဲဒီအခါကျလည်း ခွင့်ပြုချက်က မရပြန် ဘူး'' ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ (KBC) ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးဌာန  ပြန်ကြားရေး တာဝန်ခံ ဦးခါးလီက ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ ဒေသခံများသည် စစ်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရကြောင်း၊ ယင်း ကာလများအတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ သဘာဝ သယံဇာတများကို ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးခဲ့ပြီး စစ်ဘေးရှောင်များ နေရပ် ပြန်သောအခါ ကုမ္ပဏီများက  တရား စွဲဆိုခဲ့ကြောင်း ဒေသခံများက  ထုတ်ဖော် ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၈၇,ဝဝဝ နီးပါးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၁ဝ,ဝဝဝ ကျော် ရှိသည်။

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအနက်  ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း အများဆုံး တည်ရှိသည်။

Thursday, September 29, 2016

AA လက်နက်ကိုင်အဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံပြည်သူနှစ်ဦး အနက်မှ တစ်ဦးပြန်လည်လွတ်မြောက်


 


နေပြည်တော် စက်တင်ဘာ ၂၇

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လားဘာဝကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ၂၅ ရက် နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်ဝတ်ဆင်ထားပြီး မျက်နှာတွင် စုတ်ပြဲဒဏ်ရာများရရှိထားသည့် ဒေသခံပြည်သူတစ်ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်မေးမြန်းခဲ့သည်။

စိစစ်မေးမြန်းချက်အရ ၎င်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာတွင်နေထိုင်သည့် ချင်းလူမျိုး ပါလီယန်ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် မီးလာဝကျေးရွာနေထွန်းလှနှင့်အတူ စက်တင်ဘာ ၁၇ရက်တွင်တစ်ဖက်နိုင်ငံ မော်ဒုတ်ကြီးကျေးရွာသို့အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့ပြီး ဦးအောင်ဆက်၏ နေအိမ်၌ တည်းခိုနေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့နေထိုင်သည့် အိမ်ရှင်ဖြစ်သူမှ AA လက်နက်ကိုင်အဖွဲ့ထံသို့ သတင်းပို့ရမည်ဟုပြောသဖြင့် ကျေးရွာမြောက်ဘက်ရှိ AA လက်နက်ကိုင်အဖွဲ့ရုံးသို့သွားရောက် သတင်းပို့ခဲ့ကြောင်း၊ ၎င်းရုံးမှ ခေါင်းဆောင်တစ်ဦးက ရွာအပြင်သို့သွားလာခြင်း မပြုရန်မှာကြားခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်ညနေ ၃ နာရီခန့်တွင် AA လက်နက်ကိုင်အဖွဲ့မှ နှစ်ဦးက ၎င်းတို့အားဖမ်းဆီးခေါ်ဆောင် သွားပြီး ရွာ၏မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိတောင်ယာဟောင်းတစ်ခုတွင် ချုပ်နှောင်ထားခဲ့ကြောင်း၊ အဆိုပါနေရာတွင် တဲသုံးလုံးခန့်ရှိပြီး လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် AA လက်နက်ကိုင်အဖွဲ့မှ ၁၂ ဦးတွေ့ရှိရကြောင်း၊ စက်တင်ဘာ ၂၀ ရက်မွန်းလွဲ ၁ နာရီခန့်တွင် AA လက်နက်ကိုင်အဖွဲ့မှ ၁၁ ဦးခန့်ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့ထံမှ တာကာငွေနှစ်သိန်းခန့် (မြန်မာကျပ်ငွေသိန်း ၃၀ ခန့်)အားသိမ်းဆည်းသွားကြောင်း၊ ၎င်းတို့နှစ်ဦးအား တပ်မတော်မှထောက်လှမ်းရေးအဖွဲ့ဟုစွပ်စွဲပြောဆိုခဲ့ပြီး စက်တင်ဘာ၂၂ ရက်တွင် တစ်ဦး၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဦးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူနှစ်ဦးအနက်မှ ၎င်းမှာစက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင်AA လက်နက်ကိုင်အဖွဲ့များ အရက်သောက်နေစဉ် ချည်နှောင်ထားသည့်ကြိုးများကိုဖြေ၍ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းထွက်ပြေးလွတ်မြောက်ပြီး နာရီဝက်ခန့် အကြာတွင်အဆိုပါနေရာမှ သေနတ်သံတစ်ချက်ကြားရသဖြင့် ထွန်းလှဆိုသူအား သတ်သည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းမှာ ဖမ်းဆီးခံထားရသည့်နေရာမှ အရှေ့မြောက်ဘက် တောင်ကြောအတိုင်း ထွက်ပြေးခဲ့ရာ စက်တင်ဘာ၂၅ ရက်တွင် တပ်မတော်စစ်ကြောင်းနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်လာသည့်ပါလီယန်ဆိုသူမှာ ၎င်းတို့၏နှိပ်စက်မှုကြောင့်မျက်နှာတွင် စုတ်ပြဲဒဏ်ရာသုံးချက်ရရှိထားခြင်း၊ ဦးခေါင်းမှဆံပင်တို့အား မီးရှို့ထားခြင်း၊သံတုတ်ဖြင့်ရိုက်နှက်ထားသဖြင့် ရင်ဘတ်နှင့် ကျောပြင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း တို့ကြောင့် တပ်မတော်စစ်ကြောင်းက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက် ပေးလျက်ရှိပြီး ၎င်းနေထိုင်သည့်နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

Wednesday, September 28, 2016

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များကို ကူညီမည်ဟု ကန်သံအမတ်ကြီးပြော

ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၁၆ ရွာ ပေါင်းထားသော 
အင်ခေါင်းပါစစ်ဘေးရှောင်စခန်းမှ ကလေးငယ်များ

ကချင်ပြည်နယ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် စကော့မာစီရယ်သည် ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးရန် စဉ်းစားသွားမည်ဟု ပြောကြားခဲ့ကြောင်း ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက်ထံမှ သိရ သည်။

စက်တင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့ကို ရောက်ရှိခဲ့သည့် သံအမတ်ကြီးသည် ကချင်ပြည်နယ်ရှိ အစိုးရအဖွဲ့ဝင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်  မိုင်းနား KBC စစ်ဘေး ဒုက္ခသည်စခန်းသို့ သွားရောက် လေ့လာခဲ့ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။

အမေရိကန် သံအမတ်ကြီးသည် ကချင်ပြည်နယ်တွင်း တွေ့ရှိခဲ့သော အခြေအနေများ၊ ဒေသခံများနှင့် စစ်ဘေးဒုက္ခ သည်များ၏ အခက်အခဲများကို အမေရိကန် အစိုးရအဖွဲ့ အပါအ၀င် တာဝန်ရှိသူများကို တင်ပြပြီး အခက်အခဲ ပြဿနာများကို ကူညီပေးနိုင်ရန်  စဉ်းစားပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သည် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်ရှိ အရပ် ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး ကိစ္စများ၊ အမျိုးသမီး ကဏ္ဍများ၊ သဘာဝ သယံဇာတကိစ္စများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ် အမျိုးသမီးများကွန်ရက် တည်ထောင်သူ ဒေါ်နန်းပူက ပြောသည်။

"ကျွန်မကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးများ ပါဝင်လာနိုင်ဖို့ အစိုးရကို တိုက်တွန်း ပြောကြားပေးဖို့ရယ်၊ IDP စခန်းတွေမှာရှိတဲ့ အမျိုးသမီး ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို တင်ပြခဲ့တယ်၊ သူ့အနေနဲ့ကတော့ အကောင်းဆုံး ကူညီပေးဖို့ စဉ်းစား သွားမယ်လို့ ပြောသွားပါတယ်" ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ဆန်ရှင် ကိစ္စရပ်များ၊ ဗီဇာပိတ်ဆို့မှုများ၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ဒေသခံများ၏ သဘောဆန္ဒများကို ရယူကာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။

"ကျွန်မတို့အနေနဲ့က မြစ်ဆုံစီမံကိန်းနဲ့ အခြားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေက ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန် မှာ ပဋိပက္ခကို ပိုပြီးတော့ ကြီးမားစေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်ပေးဖို့ လိုချင်ကြောင်း ပြောခဲ့တဲ့အခါမှာ သူ့အနေနဲ့ကလည်း ထောက်ခံတယ်၊ မြစ်ဆုံစီမံ ကိန်းနဲ့ ပတ်သက်လို့လည်း လုံးဝရပ်ဆိုင်းပေးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်"ဟု ၎င်းက ရှင်းပြသည်။

သုံးရက်တာ ကြာမြင့်မည့် သံအမတ်ကြီး၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဒေသခံ ဘာသာရေး အသင်းအဖွဲ့ အသီးသီးမှ ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ကချင်ပြည်နယ်အတွင်း အမေရိကန် ပြည်ထောင်စုဘက်မှ အကူအညီ ပေးနိုင်ရေးနှင့် အနာဂတ်တွင် မည်သို့ ပူးပေါင်း ဆောင်ရွက်သွားကြမည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်၏ ယခုခရီးစဉ်သည် ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် ခရီးစဉ်လည်းဖြစ်သည်။

Sunday, September 25, 2016

ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များ နေရပ် ပြန်နိုင်တော့မည်

စစ်ဘေးရှောင်စခန်းသို့ ချင်းပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာဝန်ကြီးဆလိုင်းအိုက်ဇက်ခင် ဦးဆောင်သည့်အဖွဲ့ လာရောက် တွေ့ဆုံစဉ်။

ကလေး၊ စက်တင်ဘာ ၂၅ 

ချင်းပြည်နယ် ပလက်ဝမြို့ လောင်းတင်ကျေးရွာ အနီးရှိ စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိနေသူများ နေရပ်ပြန်နိုင်ရေး ပြည်နယ် အစိုးရနှင့် သဘော တူညီမှု ရရှိပြီဖြစ်ကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီမှ ဘဏ္ဍာရေးမှူး ဦးကျော်အောင်က ပြောကြားသည်။

ယခု လောင်းတင်ကျေးရွာ အနီးရှိ စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ စစ်ဘေးရှောင်သူများမှာ ပြိုင်စိုကျေးရွာတွင် နေထိုင်သူများဖြစ်သည်။

စစ်ဘေးရှောင်သူများ မိမိတို့ မူရင်းဒေသ ပြိုင်စိုကျေးရွာတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်သည့် အဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ စစ်ဘေးရှောင် စခန်းသို့ လာရောက်ကာ စခန်းတွင် နေထိုင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ တိမ်းရှောင် လာခဲ့ရသော ပြိုင်စိုကျေးရွာတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် ပြည်နယ် အစိုးရက မိုင်းရှင်းပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြိုင်စိုကျေးရွာတွင် အိမ်ခြေ ၆၅ အိမ်ရှိပြီး ပြန်လည် ပြုပြင်ရမည့် အိမ်ခြေ ၆၀ အတွက် တစ်အိမ်ထောင်လျှင် ကျပ် တစ်သိန်းစီ၊ ပြောင်းရွေ့ပြီးပါက စားသောက်စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ကျပ် နှစ်သိန်းစီ ထောက်ပံ့မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့နှင့် စစ်ရှောင်သူများ သဘော တူညီမှု ရရှိခဲ့သဖြင့် အောက်တိုဘာ ၂၀ ရက်တွင် စတင် ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း ဦးကျော်အောင်က ပြောဆိုသည်။

“အောက်တိုဘာလထဲမှာ တစ်အိမ် တစ်ယောက် အိမ်ထောင်ဦးစီးတွေက တောင်ယာလုပ်ဖို့ ရွာမှာ သွားနေကြမယ်။ ကျန်တဲ့သူတွေကတော့ နောက်နှစ် ဖေဖော်ဝါရီမှာ အပြီး ပြောင်းရွှေ့နေကြမယ်။ ကလေးတွေကလည်း ကျောင်းတက်နေရင်း တန်းလန်းဆိုတော့ ရုတ်တရက် အကုန်ပြန်ပြောင်းဖို့ မဖြစ်နိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။

ပြိုင်စိုကျေးရွာ ဒေသခံများမှာ ၂၀၁၅ ခုနှစ် အစောပိုင်းက တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ၂၀၁၅ ခုနှစ် ဧပြီ ၂၇ ရက်က ပြိုင်စိုကျေးရွာမှ ပလက်ဝမြို့နယ် လောင်းတင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီး တစ်နှစ်ကျော် အကြာတွင် နေရပ်သို့ ပြန်လည် နေထိုင်နိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ပလက်ဝမြို့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီထံမှ သိရှိရသည်။