Saturday, October 1, 2016

ငါးနှစ်အတွင်း စစ်ဘေးရှောင် တစ်သိန်းနီးပါး နေရပ် စွန့်ခွာရဆဲဟု ကုလထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ပြီးခဲ့သည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ စစ်ဘေးရှောင် ဒုက္ခသည် ၉၇,ဝဝဝ ကျော်မှာ တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က  စက်တင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ဒုက္ခသည် အများစုမှာ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှဖြစ်ကြောင်း OCHA က ပြောဆိုထားသည်။

OCHA ၏ ထုတ်ပြန်ချက်အရ ဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဒုက္ခသည် စခန်းပေါင်း ၁၇၂ ခုရှိပြီး စစ်ဘေးရှောင်များမှာ အဆိုပါ စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ် အတွင်းကလည်း ကရင်ပြည်နယ်တွင် တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

စစ်ဘေးရှောင် ၄ဝဝဝ ခန့်သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေခဲ့ကြရပြီး အစားအစာ အပါအဝင်  အခြား အသုံးအဆောင် ပစ္စည်းများကို  လူမှုအဖွဲ့အစည်းများက ထောက်ပံ့ခဲ့ကြရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက် နေ့ကလည်း အမေရိကန် သံအမတ်ကြီး မာစီရယ်လ်သည် ကချင်ပြည်နယ် ဝိုင်းမော်မြို့သို့ ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် အမေရိကန် သံအမတ်ကြီးက ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်မှ တိုက်ပွဲများ အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“တကယ့် Ground မှာ အခက်အခဲကတော့ ဒုက္ခသည်တွေအတွက် ဆန်၊ ဆီ၊  ဆားဆိုတဲ့ စားနပ်ရိက္ခာပါပဲ။ အဖွဲ့တွေက လှူဖို့အတွက် ခရီးလမ်းကလည်း ခက်သလို  အာဏာပိုင်တွေဆီက ခွင့်ပြုချက်ယူရတယ်။  အဲဒီအခါကျလည်း ခွင့်ပြုချက်က မရပြန် ဘူး'' ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ (KBC) ၏ လူမှုဝန်ထမ်း ဖွံ့ဖြိုးရေးဌာန  ပြန်ကြားရေး တာဝန်ခံ ဦးခါးလီက ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ ဒေသခံများသည် စစ်ပွဲများကြောင့် နေရပ် စွန့်ခွာခဲ့ရကြောင်း၊ ယင်း ကာလများအတွင်း တနင်္သာရီ တိုင်းဒေသကြီးရှိ သဘာဝ သယံဇာတများကို ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ပေးခဲ့ပြီး စစ်ဘေးရှောင်များ နေရပ် ပြန်သောအခါ ကုမ္ပဏီများက  တရား စွဲဆိုခဲ့ကြောင်း ဒေသခံများက  ထုတ်ဖော် ပြောကြားထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အဆိုအရ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၈၇,ဝဝဝ နီးပါးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ဘေးရှောင် ၁ဝ,ဝဝဝ ကျော် ရှိသည်။

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများအနက်  ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း အများဆုံး တည်ရှိသည်။

No comments: