Saturday, October 1, 2016

အစွန်းရောက်မှုများကို ဆန့်ကျင်လိုစိတ် ခိုင်မာအောင် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ စက်တင်ဘာ ၃ဝ

ရခိုင်ပြည်နယ်ရှိ နှစ်ဖက်အသိုင်း အဝိုင်းကြားတွင် အမုန်းတရားများ၊ သည်းမခံနိုင်မှုများ၊ အစွန်းရောက်မှုများကို ဆန့်ကျင် လိုစိတ် အခိုင်အမာ ဖြစ်ပေါ်လာအောင် ကြိုးပမ်းမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပနေသည့် (၃၇) ကြိမ်မြောက် အာဆီယံ ပါလီမန်များ ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့သည်။

နှစ်ဖက် အသိုင်းအဝိုင်းကြားတွင် နားလည်မှု၊ သဟဇာတ ဖြစ်မှုနှင့် ယုံကြည်မှုများ တည်ဆောက်နိုင်အောင် ကြိုးပမ်း လုပ်ဆောင်နေကြောင်း၊ ယင်းသို့ ကြိုးပမ်း နေချိန်တွင် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်း နိုင်များ အနေနှင့် အပြုသဘော ဆောင်သည့် ပံ့ပိုးကူညီမှုများ ပေးကြရန် တောင်းဆိုကြောင်း ၎င်းကဆိုသည်။

“ရခိုင်ပြည်နယ် အခြေအနေက ရှုပ်ထွေး နက်နဲပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီး အာဆီယံ ဒေသနဲ့ ပြင်ပကမ္ဘာရဲ့ အာရုံစိုက်စရာ၊ စိုးရိမ် ပူပန်စရာ ကိစ္စတစ်ရပ် ဖြစ်လာနေပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နေ့ချင်းညချင်း ဘက်စုံ တိုးတက်အောင် မဆောင်ရွက်နိုင်သော်လည်း ရခိုင်ပြည်နယ်နှင့် ပြည်တွင်းရှိ ပဋိပက္ခ ကူးစက်ခဲ့သည့် ဒေသများတွင် ကောင်းမွန်သည့် အပြောင်းအလဲ ရရှိအောင်လည်း ကြိုးပမ်းရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေ စိုးမိုးမှု သေချာ ခိုင်မာစေရန်၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်းများကို စနစ်တကျ စိစစ်ကြပ်မတ် နိုင်ရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရန် ဗဟိုကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းထားကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို ဘက်ပေါင်းစုံ လေ့လာ သုံးသပ်ဖြေရှင်းရာတွင် ကူညီပံ့ပိုးနိုင်ရန် ဒေါက်တာ ကိုဖီအာနန် (ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) ဦးဆောင်သည့် ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟို ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားပြီး ပြည်ထောင်စု ဝန်ကြီးအားလုံးလည်း ယင်း ကော်မတီတွင် ပါဝင်သည်။

No comments: