Friday, October 28, 2016

ဆီးရီးယားသို့ ဦးတည်နေသည့် ရုရှားရေတပ်သင်္ဘောအုပ်စု အာဖရိက မြောက်ပိုင်းတွင် ဆီဖြည့်ရပ်နား


နိုင်ငံ၏ တစ်စီးတည်းသော လေယာဉ်တင် သင်္ဘောကြီး အပါအဝင် ရုရှား၏ ရေတပ်သင်္ဘော အုပ်စုသည် မြောက်အာဖရိကတွင် ဆီဖြည့်ရပ်နားနေကြောင်း သိရသည်။

အဆိုပါ သင်္ဘောအုပ်သည် ရုရှားအနောက်မြောက်ပိုင်းမှ ထွက်ခွာကာ ဆီးရီးယားသို့ ဦးတည်ခုတ်မောင်းခဲ့ပြီး ဗြိတိန်ရေပိုင်နက် အနီးမှ ဖြတ်သန်းသွားစဉ် ဗြိတိန်နှင့် နော်ဝေးရေတပ်များက ခြံရံလိုက်ပါ စောင့်ကြည့်ခဲ့သေးသည်။

Admiral Kuznetsov လေယာဉ်တင် သင်္ဘောကြီး ဦးဆောင်သည့် ရုရှားရေတပ် သင်္ဘောအုပ်စုသည် ဆီးရီးယား စစ်ပွဲတွင် ၆ လကြာ ပါဝင်၍ တာဝန်ထမ်းဆောင် တိုက်ခိုက်သွားမည်ဟု ရုရှားမီဒီယာများက ဖော်ပြခဲ့သည်။ အဆိုပါ သင်္ဘောများသည် အစောပိုင်းတွင် စပိန်ဆိပ်ကမ်း တစ်ခု၌ ဆိုက်ကပ်၍ ဆီဖြည့်ရန် ရည်ရွယ်ထားသော်လည်း NATO စစ်မဟာမိတ် အုပ်စု၏ ကန့်ကွက်မှုကြောင့် ယင်းအစီအစဉ်ကို ပယ်ဖျက်ခဲ့ရသည်။

NATOက လေယာဉ်တင် သင်္ဘောပေါ် ပါသွားသည့် တိုက်လေယာဉ်များသည် ဆီးရီးယားရှိ အေလက်ပိုမြို့တွင် အရပ်သားများကို ထိခိုက်သေကြေစေနိုင်သည့် ကိစ္စအတွက် စိုးရိမ်ကြောင်း ပြောကြားထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး သူပုန်များ ထိန်းချုပ်ထားရာ အေလက်ပို အရှေ့ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည် အစပြုသွားမည်ဟု အရိပ်အမြွက် ပြောကြားထားသည်။ ရုရှားနှင့် မဟာမိတ် ဆီးရီးယား အစိုးရက အေလက်ပိုတွင် အရပ်သားများ သေဆုံးသည့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တာဝန်ခံရန် ငြင်းဆိုထားဆဲ ဖြစ်သည်။

ဆီးရီးယားသို့ ဦးတည် ခုတ်မောင်းနေသည့် ရုရှားရေတပ် သင်္ဘောအုပ်စုတွင် ဆီတင်သင်္ဘော နှစ်စီး ပါဝင်ခဲ့ပြီး ယခု မြောက်အာဖရိကတွင် ဆီဖြည့်ရပ်နားနေသည်မှာ မည်သည့်သင်္ဘောအတွက် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အဆိုပါ ရေတပ်သင်္ဘော အုပ်စုသည် ဆီးရီးယား ကမ်းလွန်တွင် ရှိနေသည့် အခြား ရုရှားသင်္ဘော ၁၀ စီးနှင့် ပူးပေါင်းကာ စစ်ဆင်ရေးများ ပြုလုပ်သွားမည်ဟု သိရသည်။

Ref: 

No comments: