Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Friday, November 3, 2017

တန်ဆောင်မုန်းလပြည့် သာမည ဖလ အခါတော်နေ့ (ဝိဇ္ဇာ)

တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော်မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၎။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီဝကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအ၀ီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်
ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။

တန်ဆောင်မုန်း လလို့ ခေါ်ဆိုရခြင်းရဲ့ အကြောင်းက မိုးလေကင်းလွတ် သီတင်းကျွတ် ပြီးပေမယ့် ကောင်းကင်မှာ ရေခိုးရေငွေ့ ကျန်သေးသလို အေးမြတဲ့ မြောက်လေ တိုက်ခတ်စ ပြုတဲ့ ဒီလဟာ မနက် ခင်း ဝေလီဝေလင်း အချိန် ရောက်တိုင်း မြေခိုး မြေငွေနဲ့ မြူငွေ့တို့ များပြား မှောင်မဲ နေလေ့ရှိလို့ မိုးတွင်း မဟုတ်တဲ့ ခါတိုင်းလများရဲ့ မနက် စော များ လို သဘာဝ အလင်းရောင်နဲ့ သွားလာလို့ မရဘဲ တန်ဆောင် ဆီမီးများ ထွန်းညှိပြီး သွားလာ ရတဲ့ အတွက် တန်ဆောင်တိုင်ခေါ် မီးတိုင်၊ မီးပုံးများကို ကိုင်စွဲ သွားလာ ရလေ့ ရှိပါတယ်။ ဒီလို ကိုင်စွဲ သွားလာ ရတာ မုန်းလာ လောက်အောင် ရိုးအီ လာအောင် ကိုင်ဆောင်ရလို့ တန်ဆောင်မုန်းလို့ ခေါ်တယ်လို့ မှတ်သားဖူးပါတယ်။

တန်ဆောင်မုန်း လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာ ဘုရားက သာမည ဖလ သုတ်တော်ကို ဟောကြားခဲ့လို့ နေ့ထူးနေ့မြတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တန်ဆောင်မုန်း လပြည့်နေ့ဟာ ကောင်းကျိုး အဖြာဖြာ ပေးတဲ့ နက္ခတ်၊ ကြယ်စုံတဲ့၊ အတွက်ရော ဆေးဖက်ဝင် နက္ခတ် တွေရဲ့ ရောင်ခြည်တွေက မယ်ဇလီပင်မှာ သွားစုတယ်လို့ ယုံကြည် ကြတဲ့ အတွက် ပါ ဆေးလက်သုတ် လို့ခေါ်တဲ့ မယ်ဇလီ ဖူးသုပ်ကို တန်ဆောင်မုန်း လပြည့်နေ့ ညတိုင်း လမွန်းတည့် ကြယ်မွန်းတည့်တဲ့ ညသန်းခေါင် ချိန်မှာ တကူးတက အလေးထား သုပ်စားကြတာ ရိုးရာကို အလေးအမြတ် ထားတဲ့ မြန်မာ တမျိုးသား လုံးရဲ့ ဓလေ့ပါ။ ဒါ့အပြင် မဉ္ဇူသက နတ်ပန်းပင်လို့ ခေါ်တဲ့ သစ်ပင်ဟာ တန်ဆောင်မုန်း လပြည့် ည တစ်ညပဲ လရောင်ကို ခံပြီး ပွင့်လေ့ရှိပြီး အာရုဏ် မတက်ခင် ကြွေလေ့ ရှိလို့ ညနေ ကတည်းက အပင်အောက် မှာ ပိတ်ဖြူ ခင်းပြီး အသင့်စောင့် ရလေ့ ရှိပါတယ်။ အဲဒီ ပန်း နှစ်မျိုးလုံးက အင်မတန် ဆေးဖက်ဝင်လို့ ပရဆေး ဖော်စပ်တဲ့ မြန်မာ့ ရိုးရာ သမားတော်များက တန်ဖိုးထား ကြပါတယ်။

ဒါ့အပြင် နက္ခတ်ကောင်း ပေါင်းစုံတဲ့ တန်ဆောင်မုန်း လပြည့်ညမှာ နက္ခတ် ဗေဒင် ပညာရှင်များက ဓန သိဒ္ဓိ နက္ခတ် နဲ့ စန်းယှဉ်ချိန်ကို စောင့်ပြီး ပထ၀ီ ဇယ မန္တာန်ကို ရွတ်ရင် ရတနာ ရွှေမိုးငွေမိုး ရွာသလို ကောင်းကျိုး ရတယ်လို့ ယုံကြည် စောင့်ဆိုင်း ကြသလို လောကီ အစီအရင်တွေ၊ အထက်လမ်း ဂိုဏ်းတွေ စိတ်ဝင်စား လေ့လာ လိုက်စား သူ များ ကလဲ နက္ခတ်စုံချိန်ကို စောင့်ပြီး အစီအရင်တွေ ပြုလုပ်လေ့ ရှိကြပါတယ်။ အောက်လမ်းဂိုဏ်းသား စုန်းကဝေ များ ကလဲ ပညာ တက်လေ့ ရှိကြပါတယ်။

ပိုပြီး ထူးဆန်း အံ့သြဖွယ် ကောင်းတာက တန်ဆောင်မုန်း လပြည့်ည တွေ မှာ သိဒ္ဓိဝင် ကျောက်သံ ပတ္တမြား တွေဟာ သဘာဝ အလျောက် မိုးပေါ် ပျံတက်ပြီး နက္ခတ်များရဲ့ အငွေ့ အသက် ကို ခံယူပြီး အရည်အသွေး ပိုတက် တတ်ကြတယ်လို့ ပြောသံ ကြားဖူးသလို မိုးကုတ်ဒေသမှာ အဲဒီ မြင်ကွင်း ကို ကိုယ်တိုင် မြင်ဖူး သူများတောင် ရှိကြတယ်လို့ ကြားသိရပါတယ်။ ဒီလို အံ့ဖွယ် အဖြာဖြာ ပြည့်စုံနေတဲ့ တန်ဆောင် မုန်း လပြည့်ည၊ ၂၀၀၇ ခုနှစ်မှာ ဘယ်လို ထူးခြားမှု တွေ ဆောင်ကြဉ်း လာမလဲ လို့ ကြည့်ကြ ရအောင် ပါနော်။

#ခွန်မြလှိုင်

Thursday, November 2, 2017

တပ်နဲ့ သံဃာ ညီညွတ်ရမည်ဟု သီတဂူဆရာတော် မိန့်ကြား


Wednesday, November 01, 2017

တပ်မတော်နှင့် သံဃာ၊ မင်းနှင့် ပြည်သူသည် ညီညွတ်ရမည်ဖြစ်သည်ဟု သီတဂူဆရာတော် အရှင် ဉာဏိဿရက အောက်တိုဘာ ၃၀ ရက်က ဟောကြားသည့် တရားတပုဒ်တွင် ထည့်သွင်း ဟောပြောခဲ့သည်။

သီတဂူဆရာတော်သည် အဆိုပါတရားတော်ကို ကရင်ပြည်နယ်၊ သံတောင်မြို့၊ ဘုရင့်နောင်တပ်မြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း၌ ပြုလုပ်သည့်တရားပွဲတွင် ထိုကဲ့သို့ ထည့်သွင်းဟောပြောခဲ့ခြင်း ဖြစ်သည်။

“မင်းနဲ့ပြည်သူ ညီညွတ်ရမယ်၊ တပ်နဲ့သံဃာတွေညီညွတ်ရမယ်။ လေးဦးလေးဖလယ် ညီညွတ်ဖို့၊ ကုလားထိုင်ရဲ့ လေးချောင်းလို” ဟူ၍ ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သီဟိုဠ်ကျွန်း (လက်ရှိ သီရိလင်္ကာနိုင်ငံ) မှ ဒဏ္ဍာရီ အဖြစ်အပျက်တခုကို ရည်ညွှန်း ဟောပြောခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါအဖြစ်အပျက်အရ စစ်ပွဲအတွင်း လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး စိတ်ပူပန်သောကရောက်နေသည့် ဒုဌာဂါမဏိမင်းအကြောင်းဟောပြောရာတွင် “ရဟန္တာကြီးတွေက မင်းကြီးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်နေတယ်ဆိုတာ နားလည်ရမယ်” ဟုလည်း ဆရာတော်က ဆိုသည်။

ယင်းကဲ့သို့ လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဘုရင် စိတ်ပူပန်သောကရောက်နေသည်ကို ရဟန္တာများက “မင်းကြီး ဘာမှ မပူနဲ့၊ အကုသိုလ် နည်းနည်းလေးပဲ ဖြစ်တယ်” ဟောပြောခဲ့သည့်ဟု ဆိုသည်။

ထို့ပြင် “မင်းသတ်လိုက်တာ သန်းပေါင်းများစွာဖြစ်ပေမယ့်၊ တကယ့်လူစင်စစ်က တယောက်နဲ့ တပိုင်းပဲ ပါတယ်။ လူပီသတဲ့လူပေါ့။ ကျူးကျော်ဝင်ရောက်လာတဲ့ ကျေးကုလား၊ တမီလ်တွေထဲမှာ ငါးပါးသီလ ဆောက်တည်တဲ့သူက တယောက်၊ ငါးပါးသီလနဲ့ သရဏဂုံ တွဲဆောက်တည်တဲ့သူက တယောက်ပါဝင်သည်” ဟု ဆိုသည်။

ထို့ပြင် “မင်းကြီးမပူနဲ့” သီတဂူဆရာတော်က မိန့်ကြားပြီး အဆိုပါအဖြစ်အပျက် ဟောပြောမှုအဆုံးသတ်တွင် “ဘုန်းကြီးတို့ မပြောဘူး။ သီဟိုဠ်က ရဟန္တာတွေ ပြောတာ” သီတဂူဆရာတော်က ထည့်သွင်း ဟောပြောခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကို မြန်မာနိုင်ငံတွင် ဒုဌာဂါမဏိနှင့် ကျေးကုလား ၅၀၀ ဟု လူသိများပြီး ရဟန်းသံဃာများက တရားပွဲများတွင် အလျင်းသင့်သလို ထည့်သွင်း ဟောပြောမှုများ ရှိခဲ့သည်။ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့၍ ဝိပ္ပရိသာရ ဟုခေါ်သည့် စိတ်နှလုံးမချမ်းမြေ့ဖြစ်နေသည့် ဒုဌာဂါမဏိမင်းကြီးကို အစွဲဥပါဒါန်ကြောင့် ပို၍အပြစ်ဖြစ်စေသည့်အကြောင်း စိတ်သက်သာရာ ရစေရန် ရဟန်းများက တရားချသည့် ဇာတ်လမ်းတပုဒ်ဖြစ်သည်။

“တို့ရဲ့ တပ်မတော်သားတွေလည်း ဒုဌာဂါမဏိထုံး နှလုံးမူ၊ အဇာတသတ်မင်းထုံး နှလုံးမူပြီး နိုင်ငံတော်နဲ့ သာသနာအတွက် စစ်တာဝန်ကို ထမ်းခြင်းဖြစ်ရမယ်၊ ဖြစ်ပါစေလို့ တိုက်တွန်းကြောင်း” ဟောပြောပြီး တရားပွဲကို အဆုံးသတ်ခဲ့သည်။

“ဒုဌာဂါမဏိမင်းလို၊ အဇာတသတ်မင်းလို တိုင်းပြည်အတွက်သာလျှင် စစ်တိုက်တာမဟုတ်ဘူး၊ ဘုရားသာသနာအတွက် စစ်တိုက်ရတယ်၊ ဒီလိုဖြစ်ရတယ်” ဆရာတော်က မိန့်ကြားသည်။

အစိုးရသစ် တက်ပြီးနောက်ပိုင်းတွင် ယခုနှစ်အစောပိုင်းက သီတဂူဆရာတော်ကို အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် ဆက်ကပ်ခဲ့သည်။ အဆိုပါ ဘွဲ့တံဆိပ်သည် မင်း၊ အစိုးရက သံဃာတော်များကို ဆက်ကပ်ရာတွင် အမြင့်ဆုံးဘွဲ့တခုလည်းဖြစ်သည်။

သတင်း-မြတ်ကျော်သူ
frontier mm

Wednesday, October 5, 2016

ကျိုက်ထိုနှင့် ဟဲဟိုးတွင် အထူးစိုက်ပျိုးရေးဇုန်များ ပြုလုပ်ရန် စီစဉ်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း ရောင်းချနေသော သစ်သီးဆိုင်များ။ (ဓာတ်ပုံ-စိုင်းဇော်)

ကျိုက်ထိုနှင့် ဟဲဟိုးမြို့နယ်များတွင် ကျွဲကော၊ အာလူး၊ ထောပတ်သီးနှင့် ပန်းစိုက်ပျိုးသည့် အထူးစိုက်ပျိုးရေးဇုန်များ ပြုလုပ်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP)မှ သတင်းရရှိသည်။

စက်တင်ဘာ ၂၉ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် MFVP ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်တွေ့ဆုံစဉ် ၀န်ကြီးက သီးနှံများ ပိုမိုစိုက်ပျိုးရေးထုတ်လုပ်လာနိုင်ရန် သီးနှံအလိုက် အများဆုံးထွက်ရှိသည့် ဒေသများ၌ ထပ်တိုးစိုက်ပျိုးပြီး သီးနှံဇုန်များပြုလုပ်ရန်တိုက်တွန်းကြောင်း MFVP ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားသည်။

ယင်းစိုက်ပျိုးရေးဇုန်များ ပြုလုပ်ရန် မြေနေရာလိုအပ်ပါက အကူအညီပေးမည်ဟု ၀န်ကြီးကပြောကြား၍ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်တို့မှ အစိုးရပိုင်မြေနေရာများတွင် ဇုန်ပြုလုပ်ရန် တင်ပြခဲ့သည်ဟုဆိုသည်။

‘‘လောလောဆယ် နှစ်ခုတော့ တင်ပြထားတယ်။ ကျိုက်ထိုဘက်မှာရှိတဲ့ မြေကို ကျွဲကောဇုန်လုပ်ပြီး အဲဒီမှာ စနစ်တကျစိုက်ပြီး နိုင်ငံခြားကိုတင်ပို့မယ်။ ဟဲဟိုးမှာလည်း မြေဧကသုံးရာလောက်ရှိတာကို ဇုန်လုပ်ဖို့ တင်ပြခဲ့တယ်။ အဲဒီနေရာကျရင် အာလူးစမ်းသပ်ကွင်းလုပ်မယ်။ ထောပတ်သီးမျိုးထိန်းသိမ်းပြီး ပြန့်ပွားပေးတဲ့နေရာလုပ်မယ်။ နောက်ပြီး ပန်းစိုက်ပျိုးမယ်’’ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။

လက်ရှိစိုက်ပျိုးနေသည့် သီးနှံများသည် ပြည်တွင်းဈေးကွက်အတွက်သာ ဖြစ်နေသေး၍ ယခုကဲ့သို့ သီးနှံစိုက်ပျိုးရေးဇုန်များပြုလုပ်ပြီး အရည်အသွေးမီ စိုက်ပျိုးနိုင်ပါက နိုင်ငံခြားသို့ တင်ပို့နိုင်မည့် အခြေအနေရှိကြောင်း ပြောသည်။

ပန်းကို လက်ရှိတွင် တရုတ်နိုင်ငံမှ ၀င်ရောက်နေမှုကြောင့် သွင်းကုန်အစားထိုးစိုက်ပျိုးရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် အာလူးနှင့် ပန်းမျိုးများကို နယ်သာလန်နိုင်ငံမှ တင်သွင်းစိုက်ပျိုးနေပြီး ထောပတ်သီးမျိုးကို အမေရိကန်နိုင်ငံမှ တင်သွင်းကြောင်း ဦးစိုးသန်းမင်းဒင်ကပြောသည်။

အဆိုပါဇုန်များ အကောင်အထည်ဖော်ပါက သီးနှံမျိုးများ စနစ်တကျ သုတေသနပြုထုတ်လုပ်ပြီး မျိုးထိန်းသိမ်းခြင်းနှင့် ဖြန့်ဖြူးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်

Tuesday, October 4, 2016

မဟာသိန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းစာရှင်းမည်


Posted: October 4, 2016

မဟာသိန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မဟန သံဃာ့မနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပိုင်ရှင်မှန်ဖြစ်သော ပီနန်ဆရာတော်ကြီးကို ပင့်ဖိတ်ပြီး ပြန်လည်အပ်နှံပေးရန် ယခုအစိုးရသစ်မှ ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်ကြောင်း လန်ဒန်ဆရာတော် ဘဒ္ဒ န္တဥတ္တရက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က မိန့်ကြားခဲ့သည်။

 

“မဟန ဆရာတော်တွေရဲ့ ညွှန်ကြားချက်အရ လုပ်တာဖြစ်မှာပါ။ ဘာတွေ ရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဒီဘက်ကို ဖိတ်ထားတာတော့ မရှိပါဘူး” ဟု မဟာသိန္တိသုခကျောင်းတော်ကြီးအမှုကို ဆောင်ရွက်ပေး လျှက်ရှိသော တရားလွှတ်တော်ရှေ့နေ ဦးသိမ်းဝင်းက The Ladies သို့ ပြောသည်။

 

ကျောင်းတော်အမှုကိစ္စနှင့် ပတ်သက်၍ လန်ဒန်ဆရာတော် ဘဒ္ဒန္တဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးတို့သည် သက်သေခံစာရွက်များကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်သို့ တင်ပြခဲ့သည်။

 

မဟာသိန္တိသုခ ကျောင်းတော်ကြီးသည် ၁၉၉၀ ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား ကျောင်းမြေကို လှူဒါန်းခဲ့သည့်အတွက် ဆရာတော်ကြီး အမည်ဖြင့် မြေဂရန်ရရှိထားခြင်း ဖြစ်ကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

 

သန္တိသုခကျောင်းတိုက် အရေးနှင့် ပတ်သက်၍ လန်ဒန် ဆရာတော် ဦးတ္တရတို့ဘက်မှ သံဃာ့မဟာနာယက အဖွဲ့အား တောင်းပန်ပါက သာသနာရေးဝန်ကြီးဌာန အနေဖြင့် အမှုမှရုပ်သိမ်းပေးမည်ဟုလည်း ဆရာတော် ဦးဥတ္တရမှ မီဒီယာများကို ပြောဆိုထားသည်။

 

ဝသန်

The Ladies News

အသံချဲ့စက်ကြိုး ဆွဲဖြုတ်သည့် ဟော်လန်နိုင်ငံသား အမှုအား စွဲချက်တင်သင့်ကြောင်း တရားရုံးဆုံးဖြတ်


Posted: October 4, 2016

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ ရပ်ကွက်ရှိ သုစရိတဓမ္မာရုံအတွင်း ၀င်ကာ အသံချဲ့စက်မိုက်ကြိုးများ ဆွဲဖြုတ်ခဲ့သည့်အတွက် တရားစွဲဆိုခံထားရသည့် နယ်သာလန် နိုင်ငံသား အမှုအား အောက်တိုဘာ ၄ ရက်က စွဲချက်တင်သင့်ကြောင်း အောက်တိုဘာလ ၄ ရက်နေ့က မဟာအောင်မြေ မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

 

အဆိုပါ နယ်သာလန် နိုင်ငံသားအား ရာဇသတ်ကြီးပုဒ်မ ၂၉၅ နှင့် မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဦးစီးအရာရှိက မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ (၄) ၂/၁၃ (၁)ဖြင့် တရားစွဲဆိုထားသည့်အပေါ် စွဲချက်တင်သင့်ကြောင်း အမိန့်ချမှတ်ပြီး အမှုအား ဆက်လက်စစ်ဆေးခြင်းဖြစ်သည်။

 

ထို့သို့ ဆက်လက်စစ်ဆေးရာတွင် တရားစွဲဆိုခံရသူ နယ်သာလန်နိုင်ငံသားဘက်မှ ၄င်း၏အမျိုးသမီး၊ ၄င်း၏ မိတ်ဆွေတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း တစ်ဦးအား သက်သေအဖြစ် ထွက်ဆိုရန် တင်ပြထားခဲ့ပြီး ယနေ့တွင် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း မန္တလေးမြို့ စိမ်းရောင်စိုအဖွဲ့မှ ဦးအေးလွင်က ပြောသည်။

 

နယ်သာလန်နိုင်ငံသားမှာ အသက် ၃၀ နှစ်အရွယ် Mr. KLAAS HAYTEMA ဖြစ်ပြီး အခင်းဖြစ်ရာ အနီးရှိ FOUR RIVERS တွင် တည်းခိုနေခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ ဓမ္မာရုံတွင် အသံချဲ့စက်ဖွင့်၍ ဝတ်ရွတ်နေစဉ် ၎င်းက ဝင်ရောက်ပြီး အသံချဲ့စက်မိုက်ကြိုးများကို ဆွဲဖြုတ်ကာ ပြန်ထွက်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နယ်မြေရဲစခန်းသို့ ဓမ္မာရုံမှ အကြောင်းကြား ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရပ်ကွက်လူထုက ၎င်းတည်းခိုနေသော ဟိုတယ်ရှေ့တွင် လူစုဝေးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် ယင်းနိုင်ငံခြားသားအား တည်ဆဲဥပဒေအရ အရေးယူမည်ဟုဆိုကာ အိမ်သို့ပြန်ရန် သက်ဆိုင်ရာ အာဏာပိုင်များက လူစုခွဲခဲ့ရခြင်းများရှိကြောင်း သတင်းစာအချို့တွင် ဖော်ပြချက်အရ သိရသည်။

 

စိုင်းဟန်

The Ladies News

Thursday, September 29, 2016

ဘုရားပုံတော် သဏ္ဍာန်သစ်ပင်မြေနေရာအား သာသနာပိုင်မြေ အဖြစ် ပိုင်ရှင်က လှူဒါန်း

ဘုရားဖူးများ တနေ့တခြား များပြားလာနေသည့် ဘုရားဆင်းတုတော် အသွင်ရှိ ကြောင်လျှာသီးပင် တည်ရှိရာ ပြောင်းခြံကို သာ့သနာ့ပိုင်မြေအဖြစ် ခြံပိုင်ရှင်က လှူဒါန်းလိုက်ကြောင်း သိရသည်။

 

“ခြံပိုင်ရှင် ပါ့ယွန်းက သူခြံ ၂ ဧက အကျယ်ကို နမ့်စန်မြို့နယ် သံဃာတော် အဖွဲ့ကို လှူလိုက်ပြီလို့ ပြောပါတယ်။ ဒီတစ်သုတ်ပြောင်းတွေ ယူပြီးရင် ထပ်မစိုက်ပျိုးတော့ဘူး။ သံဃာတော်အဖွဲ့ အဲဒီခြံမှာ စေတီ တည်ပြီးတော့ သာသနာ့မြေအဖြစ် ထားထားမယ်လို့ ပြောပါတယ်။ ဘေးနားကခြံတွေလည်း လှူမယ် ပြောတယ်။ ခြံရှင်တွေရဲ့ ဆန္ဒအရပါ။ အတင်းအဓမ္မမရှိပါဘူး” ဟု ဧည့်ခံကျွေးမွေးရေးအဖွဲ့မှ ပါ့နန်းက ပြောသည်ဟု သျှမ်းသံတော်ဆင့် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

 

အဆိုပါပြောင်းဖူးခြံမှာ နမ့်စန်မြို့နယ် မုန့်မွန်းအုပ်စု နားဆွယ့်ရွာတွင် တည်ရှိပြီး နမ့်စန်-မိုးနဲ ကားလမ်းအရှေ့ဘက် ဟိုက်ဖတ်ရွာအထွက်လမ်း လမ်းနှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဘုရားဖူးများ တနေ့တခြား များပြားလာသည်နှင့်အမျှ တစ်ရက်လျှင် ဧည့်ခံေ ကျွးမွေးသည့်ဆန် ၁၀ တင်း ထက်မနည်း ချက်ပြုတ်ရကြောင်း ကျွေးမွေးရေး တာဝန် ရှိသူများက ပြောသည်။ ဘုရားဆင်းတုတော် ပေါ်လာသည်မှာ ဩဂုတ်လဆန်းပိုင်း ကတည်းက ဖြစ်ကြောင်း သိရသည်။

 

Ref : / Photo - သျှမ်းသံတော်ဆင့်

The Ladies News

Monday, September 26, 2016

ကျိုက်ထီးရိုးက ဓမ္မာရုံနှစ်ခုမှာ ဘုရားဖူးတွေ အခမဲ့ တည်းခိုနိုင်မယ်

ကျိုက်ထီးရိုးရင်ပြင်ပေါ်ကို ဘုရားဖူးလာရောက်သူတွေအတွက် တည်းခိုနိုင်မယ့်နေရာတွေကို အခမဲ့ စီစဉ်ထားရှိပေးသွားမှာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ပြောကြားချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တို့သာသနာရေးနဲ့ယဉ်ကျေး မှုဝန်ကြီးဌာန(သာသနာ)ရေးရုံးအမှတ်(၃၁)မှာ တွေဆုံဆွေးနွေးစဉ်မှာအခုလိုပြောကြားလိုက်တာပါ။

အဲဒီဆွေးနွေးပွဲဟာကျိုက်ထီးရိုးစေတီတော် တည်ထားရာဒေသတဝိုက်မှာ စီးပွားရေးလုပ်ကိုင်နေသူတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင်ကျိုက်ထီးရိုးစေတီတော် ဝတ္တကမြေအတွင်းရိုးရိုးလေးကုမ္ပဏီကတည်းခိုခန်းတည်ဆောက်ထားတဲ့ ရွှေနန်းကျင်ဓမ္မာရုံ၊ ထောက်လှမ်းရေးဓမ္မာရုံတို့ကို ဘုရားဖူးပြည်သူတွေအတွက်အခမဲ့တည်းခိုနိုင်ဖို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့သစ်ကို စနစ်တကျလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

MCN

Sunday, September 25, 2016

အသံချဲ့စက်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသားအား ပုဒ်မ(၃)ခုဖြင့် အရေးယူ


 


မန္တလေး၊ စက်တင်ဘာ ၂၄။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တမာကုန်းရပ်ကွက်ရှိ သုစရိတဓမ္မရုံတွင် (၂၃) ရက်နေ့ ည (၁၀) နာရီခန့်က အသံချဲ့စက်ဖွင့်ထားသည့် ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန်နိုင်ငံသားအား ပုဒ်မ (၃) ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မဟာအောင်မြေမြို့နယ် အမှတ် (၉) မြို့မရဲစခန်း က သိရသည် ။


ယင်းဓမ္မာရုံတွင် အဖိတ်နေ့ညဖြစ်သည့်အတွက် ပရိတ်ရွတ်ဖက်မှုပြုလုပ်နေပြီး ရုတ်တရက်ဝင်ရောက်၍ အသံချဲ့စက်ကြိုးအားဖြုတ်ခဲ့ခြင်းဖြစ်ကာ သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ လဝက အက်ဥပဒေပုဒ်မ ၄(၂) / ၁၃ (၁) တို့ဖြင့် အမှုဖွင့်ထားသည် ။

"ဗီဇာသက်တမ်းက အပြည့်ရှိပါတယ်။ ဒါပေမယ့် ဗီဇာစည်းကမ်းဖောက်ဖျက်တဲ့အတွက် လဝကအက်နဲ့ အမှုဖွင့်ရတာဖြစ်ပါတယ်" ဟု မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းဒန်က ပြောသည် ။


နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema ဆိုသူသည် တမာကုန်းရပ်ကွက်ရှိ Four Rivers Hotel တွင် တည်းခိုနေသူ ဖြစ်သည်။

"အဖိတ်နေ့ဆိုတော့ ရွတ်နေကြအတိုင်းပဲ ရပ်ကွက်ထဲက အမျိုးသမီးတွေ ပရိတ်ရွက်နေတုန်း နိုင်ငံခြားသား တစ်ယောက် ဓမ္မရုံထဲကို ဖိနပ်ကလည်း မချွတ်ပဲ ဝင်လာပြီး အသံချဲ့စက်က ကြိုးတွေအကုန်ဆွဲဖျက်ပြီး ခလုတ်တွေ လိုက်လျှောက်နှိပ်တယ်။ ဒီလိုအပြုအမူက ကျွန်တော်တို့ ဘာသာကို စော်ကားတယ်လို့ မြင်မိပါတယ်"ဟု သုစရိတဓမ္မာရုံဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။


ယင်းသို့ လုပ်ဆောင်မှုကြောင့် နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema တည်းခိုရာနေရာသို့ ရပ်ကွက်အတွင်းရှိ လူငယ်များ ဝိုင်းဝန်းမှုဖြစ်ခဲ့ပြီး တာဝန်ရှိသူများ က တားဆီးနိုင်ခဲ့ကြောင်း သိရသည် ။

နိုင်လင်းဦး
ဓါတ်ပုံ - facebook
Central News Myanmar