Sunday, September 25, 2016

အသံချဲ့စက်ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန် နိုင်ငံသားအား ပုဒ်မ(၃)ခုဖြင့် အရေးယူ


 


မန္တလေး၊ စက်တင်ဘာ ၂၄။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တမာကုန်းရပ်ကွက်ရှိ သုစရိတဓမ္မရုံတွင် (၂၃) ရက်နေ့ ည (၁၀) နာရီခန့်က အသံချဲ့စက်ဖွင့်ထားသည့် ကြိုးအား ဆွဲဖြုတ်သည့် နယ်သာလန်နိုင်ငံသားအား ပုဒ်မ (၃) ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မဟာအောင်မြေမြို့နယ် အမှတ် (၉) မြို့မရဲစခန်း က သိရသည် ။


ယင်းဓမ္မာရုံတွင် အဖိတ်နေ့ညဖြစ်သည့်အတွက် ပရိတ်ရွတ်ဖက်မှုပြုလုပ်နေပြီး ရုတ်တရက်ဝင်ရောက်၍ အသံချဲ့စက်ကြိုးအားဖြုတ်ခဲ့ခြင်းဖြစ်ကာ သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ လဝက အက်ဥပဒေပုဒ်မ ၄(၂) / ၁၃ (၁) တို့ဖြင့် အမှုဖွင့်ထားသည် ။

"ဗီဇာသက်တမ်းက အပြည့်ရှိပါတယ်။ ဒါပေမယ့် ဗီဇာစည်းကမ်းဖောက်ဖျက်တဲ့အတွက် လဝကအက်နဲ့ အမှုဖွင့်ရတာဖြစ်ပါတယ်" ဟု မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသောင်းဒန်က ပြောသည် ။


နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema ဆိုသူသည် တမာကုန်းရပ်ကွက်ရှိ Four Rivers Hotel တွင် တည်းခိုနေသူ ဖြစ်သည်။

"အဖိတ်နေ့ဆိုတော့ ရွတ်နေကြအတိုင်းပဲ ရပ်ကွက်ထဲက အမျိုးသမီးတွေ ပရိတ်ရွက်နေတုန်း နိုင်ငံခြားသား တစ်ယောက် ဓမ္မရုံထဲကို ဖိနပ်ကလည်း မချွတ်ပဲ ဝင်လာပြီး အသံချဲ့စက်က ကြိုးတွေအကုန်ဆွဲဖျက်ပြီး ခလုတ်တွေ လိုက်လျှောက်နှိပ်တယ်။ ဒီလိုအပြုအမူက ကျွန်တော်တို့ ဘာသာကို စော်ကားတယ်လို့ မြင်မိပါတယ်"ဟု သုစရိတဓမ္မာရုံဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။


ယင်းသို့ လုပ်ဆောင်မှုကြောင့် နယ်သာလန်နိုင်ငံသား Mr.Klaas Haijtema တည်းခိုရာနေရာသို့ ရပ်ကွက်အတွင်းရှိ လူငယ်များ ဝိုင်းဝန်းမှုဖြစ်ခဲ့ပြီး တာဝန်ရှိသူများ က တားဆီးနိုင်ခဲ့ကြောင်း သိရသည် ။

နိုင်လင်းဦး
ဓါတ်ပုံ - facebook
Central News Myanmar

No comments: