Thursday, September 29, 2016

ရှမ်းမြောက်တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်ဖြင့် ကင်းလှည့်

 လောက်ကိုင်တွင် ဒုံးပစ်လောင်ချာများ တွေ့ရှိကာပေါက်ကွဲမှုအချို့ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသလုံခြုံရေးအတွက် တပ်မတော်နှင့်ရဲတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့ အဓိကနေရာများသို့ MNDAA လက်နက်ကိုင်အဖွဲ့ က ချိန်ရွယ်ထားသည်ဆိုသော ဒုံးပစ်လောင်ချာ ၂၂ လုံးကို အချိန်မီရှင်းလင်းနိုင်ခဲ့ကြောင်း တပ်မ တော်က စက်တင်ဘာ ၁၅ ရက် တွင် သတင်းထုတ်ပြန်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်ကလည်း လောက်ကိုင်မြို့၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဇူလိုင်အတွင်းလောက်ကိုင်မြို့အတွင် ပေါက်ကွဲမှုဖြစ်ကာ လူငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်များကြောင့် စက်တင်ဘာ ၂၈ ရက်မှစကာ လားရှိုးမြို့အပါအဝင် ရှမ်း ပြည်နယ်မြောက်ပိုင်းဒေသ များတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရဟတ်ယာဉ်ဖြင့် ကင်းလှည့်နေကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး က ပြောသည်။

‘‘ဒီနေ့တော့ တပ်မတော်က နှစ်ကြောင်း၊ ကျွန်တော်တို့ရဲတပ် ဖွဲ့က တစ်ကြောင်း၊ အပေါ်ကနေ ရဟတ်ယာဉ်နဲ့။ အထူးလှည့်ကင်း ပေါ့။ လောက်ကိုင်ဘက်မှာ ဒုံးပစ် လောင်ချာတွေ တွေ့တာရော ပေါက်ကွဲမှုတစ်ခု ဖြစ်တာရော၊ လက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ် ရှားမှုလည်း စိပ်လာလို့ ပူးပေါင်း ပြီး လှည့်ကင်းလုပ်တာ’’ဟု ၎င်း က ပြောသည်။

လားရှိုးမြို့နယ်တွင် သီတင်း ကျွတ်ကာလ ယမ်းဖောက်ခြင်း များကို အခွင့်ကောင်းယူကာ ဖောက်ခွဲမှုများမပြုလုပ်နိုင်စေရန် ယမ်း၊ ဗြောက်အိုး၊ မီးရှူးမီးပန်း များနှင့် ဒရုန်းရောင်းချခြင်းများ ခွင့်မပြုတော့ဘဲ ရဲတပ်ဖွဲ့က လိုက် လံစစ်ဆေးနေကြောင်း ဒေသခံ များက ပြောသည်။

‘‘နေ့လယ်ပိုင်းက စစ်ရဟတ် ယာဉ်တစ်စီး လားရှိုးမြို့ပေါ် သုံး၊ လေးပတ်လောက် ဝဲနေတယ်။ စစ် ကားတွေလည်း ယာဉ်တန်းနဲ့ သွားနေတာတွေ့တယ်။ ဘာသတင်း ရှိလို့လဲတော့ မသိဘူး။ ရဲကား တွေလည်း အစီး ၂၀ လောက်ရှိ မယ်။ တန်းစီပြီးလှည့်နေတာ’’ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လောက်ကိုင်ဒေသ သတင်းများကြောင့် ဒေသတွင်းလုံခြုံရန် ရဲတပ်ဖွဲ့က တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းကို ကြိုဆိုကြောင်း လားရှိုးမြို့ခံများက ပြောသည်။

No comments: