မန္တလေး၊ စက်တင်ဘာ ၂၇
အစိုးရ ၀န်ထမ်းများအနေနှင့် မီးရထားဖြင့် ခရီးသွားလာရာတွင် လက်မှတ်တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ရာမှ ၁၀၀ ရာခိုင်နှုန်းအထိ အပြည့်ကောက်ခံတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
"ကျွန်တော်တို့ ဌာနအနေနဲ့က အရင်ကလို နိုင်ငံတော်ဘဏ္ဍာ မရတော့ဘူး။ ကိုယ့်ဝင်ငွေနဲ့ကို ပြေးဆွဲနေရပြီ ဖြစ်ပါတယ်၊ အရင်က ရထားပြေးဆွဲတာ မကိုက်လို့ ရှုံးရင်လည်း နိုင်ငံတော်အစိုးရက အကုန်အကျခံတယ်၊ အခုက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ပဲ ရပ်တည်နေရတဲ့အတွက် ၀န်ထမ်းတွေကို လျှော့မပေးနိုင်တော့ပါဘူး" ဟု မန္တလေး ဘူတာရုံပိုင်ချုပ်ကြီး ဦးညိမ်းမောင်က ပြောကြားသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် မြန်မာ့မီးရထားလုပ်ငန်း ၀င်ငွေ ရရှိစေရေးအတွက် စက်တင်ဘာလ ၁ ရက် နေ့ကစ၍ နိုင်ငံ့ ၀န်ထမ်းများအား လက်မှတ်ရောင်းချရာတွင် ၇၅ ရာခိုင်နှုန်းထားအစား ၁၀၀ ရာခိုင်နှုန်းဖြင့် ကောက်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"အရင်တုန်းကဆိုရင် စက်သုံးဆီကအစ အစိုးရနှုန်းနဲ့ ရတယ်၊ ခုကျတော့ အများဝယ်သလိုပဲ ၀ယ်သုံးနေရတာ။ အဲဒါကြောင့် ဌာနဆိုင်ရာ ၀န်ထမ်းတွေကို လျှော့မပေးနိုင်တော့တာပါ၊ ဒီညွှန်ကြားချက်ကတော့ ပြည်ထောင်စုအဆင့်နဲ့ ထုတ်ပြန်ခဲ့တာ။ ကျွန်တော်တို့ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတာ မဟုတ်ပါဘူး" ဟု ဦးညိမ်းမောင်က ရှင်းပြသည်။
အစိုးရ ၀န်ထမ်းအများစု အနေနှင့် လက်ရှိအချိန်တွင် မီးရထား အသုံးမပြုတော့ဘဲ မော်တော်ယာဉ်များဖြင့်သာ အသုံးပြု သွားလာနေကြကြောင်း၊ မီးရထား အသုံးပြုသွားလာသည့် ၀န်ထမ်းအနည်းစုအတွက် ကုန်ကျငွေ တိုးလာနိုင်သော်လည်း ၀န်ထမ်းမဟုတ်သော ပြည်သူများနှင့် တစ်ပြေးညီ ဖြစ်သွားသည့်အတွက် ကောင်းမွန်သည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ်မှ အငြိမ်းစား ၀န်ထမ်း အမျိုးသားတစ်ဦးက ပြောဆိုသည်။
No comments:
Post a Comment