Thursday, September 29, 2016

လှိုင်သာယာတွင် ခါးပိုက်နှိုက်လေးဦးကို ကယ်ရီမောင်းသူများက ပိတ်ဆို့ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၈

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းရှိ စက်မှုဇုန်မှတ်တိုင်တွင် စက်တင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီက ခရီးသည်တင် ဒိုင်နာယာဉ်ပေါ်ပါ အမျိုးသမီး၏ လက်ကိုင်အိတ်ထဲမှ ငွေကျပ်နှစ်သောင်းကို နှိုက်ယူပြီး ယာဉ်ပေါ်မှ ဆင်းပြေးသည့် ခါးပိုက်နှိုက်လေးဦးကို ဆိုင်ကယ်ကယ်ရီ မောင်းသူများက ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ဖမ်းမိသူလေးဦးတွင် အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ဒိုင်နာယာဉ်ပေါ်မှ ဆင်းပြေးကာ အသင့်စောင့်နေသည့် အငှားယာဉ်ပေါ်တက်၍ မောင်းပြေးရန် ကြံစည်စဉ် ကယ်ရီမောင်းသူများက ၎င်းတို့ကို ယာဉ်ပေါ်မှ ဆွဲချကာ ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း စက်မှုဇုန်ကား မှတ်တိုင်အနီး နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။ 

"ခါးပိုက်နှိုက်အဖွဲ့က လိုင်းကားပေါ်က ဆင်းပြေးပြီး နောက်မှာ လိုက်ပါလာတဲ့ သူတို့အဖွဲ့ ငှားထားတဲ့ တက္ကစီပေါ် တက်ပြေးတာ၊ ပိတ်ဆို့ဖမ်းဆီး ရာက ခေါင်းဆောင် အမျိုးသား လွတ်သွားပြီး လေးယောက်ကိုပဲ မိခဲ့တယ်၊ ကားပေါ်မှ တုတ်နဲ့ ဓားတွေပါ သိမ်းဆည်း ရမိခဲ့တယ်"ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖမ်းမိသူများမှာ လှိုင်သာယာမြို့နယ်၊ ၁၅ ရပ်ကွက်တွင် နေထိုင်သော အသက် ၂၀ အရွယ် ကိုစိုးမိုးအောင်နှင့် ကိုဌေးဝင်းရှိန်၊ အသက် ၂၉ နှစ်အရွယ် ကိုကျော်လွင်နှင့် အသက် ၂၅ နှစ်အရွယ် မအိအိခိုင်တို့ဖြစ်ပြီး ၎င်းတို့ကို လှိုင်သာယာ မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (နှိုက်) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

No comments: