Wednesday, September 28, 2016

ဇာသပြင်ရဲစခန်းက လူသတ်မှုကျူးလွန်သူနှစ်ဦးအား ၅ နာရီအတွင်း ဖမ်းမိ


 


ဘားအံ စက်တင်ဘာ ၂၇

ကရင်ပြည်နယ် ဘားအံမြို့နယ် ခရား အတွင်း ကျေးရွာချောင်းထဲ၌ လူသေ အလောင်းတစ်လောင်း တွေ့ရှိကြောင်း စက်တင်ဘာ ၂၆ ရက် နံနက် ၅ နာရီက သတင်းရရှိသည့်အတွက် မြို့နယ်ရဲတပ်ဖွဲ့၊ ဇာသပြင်ရဲစခန်းမှူးနှင့်အဖွဲ့ သွားရောက် စစ်ဆေးရာ အခင်းဖြစ်ပြီး ငါးနာရီအတွင်း နံနက် ၁ဝ နာရီခွဲက ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

ဇာသပြင်ရဲစခန်းမှူးနှင့် အဖွဲ့သည် ချောင်းအတွင်း အလောင်းတစ်လောင်း တွေ့ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၏ သတင်းပေးချက်အရ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဘားအံ မြို့နယ် ခရားအတွင်းကျေးရွာ၌ နေထိုင်၍ ချောင်းနံဘေး တဲထိုးကာ ငါးဖမ်းအလုပ် လုပ်ကိုင်သူ ဦးစိန်အောင်(ခ)ဦးကု (၆၃ နှစ်)ဖြစ်ကြောင်း သိရသည်။

အမှုစစ်စခန်းမှူး ရဲအုပ်အောင်သန်း က သေဆုံးသူနေထိုင်သည့် တဲအား အသေးစိတ်စစ်ဆေးရာမှ တွေ့ရှိသည့် သဲလွန်စများနှင့် အမှုစစ်အဖွဲ့ခွဲပြီး သတင်းစုံစမ်းခြင်းတို့ ဆောင်ရွက်ပြီး သံသယရှိသူနှစ်ဦးကို စုံစမ်းကာ ဖမ်းဆီးခဲ့ရာ ချစ်ဦး(ခ)ရန်မျိုးအောင် (၃၁နှစ်) သစ်မြောက်ပင်ကျေးရွာ ဖြူးမြို့ နေသူအား ဇာသပြင်-ကျားကလေးလမ်းရှိ ခရားတံတားအနီး၌ လည်းကောင်း၊ မျိုးအောင် (၂၉ နှစ်)ထာဝရကျေးရွာ ကဝမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူကို လယ်တဲ၌ လည်းကောင်း ဖမ်းဆီးရမိ ခဲ့သည်။

စစ်ဆေးချက်အရ ၄င်းတို့နှစ်ဦးသည် ခရားအတွင်းကျေးရွာသို့ သူရင်းငှား လာရောက် လုပ်ကိုင်သူများဖြစ်ပြီး သေဆုံးသူ၏တဲသို့ ငါးစာတောင်းရင်း တဲပေါ်၌ သုံးဦးဝိုင်းဖွဲ့ အရက်သောက် ရာမှ စကားများရန်ဖြစ်ပြီး ဒေါသ အလျောက် လူသတ်မှုကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ဥပဒေ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိသည်။

 စောမျိုးမင်းသိန်း(ပြန်/ဆက်)
Myanmaalinn

No comments: