ကချင်ပြည်နယ် နောင်မွန်မြို့သို့အဝင်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - မရန်)
ကချင်ပြည်နယ်တွင် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း စစ်ပွဲလုံးဝမဖြစ်ခဲ့သော်လည်း ဖွံ့ဖြိုးမှုအားနည်းလှသည့် မြို့ငယ်လေးတစ်မြို့ရှိသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းကြီးလွန်းသော၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ နောက်ကျလှသော မြို့တစ်မြို့ဖြစ်သည်။
အဆိုပါနေရာသည် လူဦးရေ ၃,၀၀၀ ခန့် နေထိုင်သည့် မြန်မာပြည်မြောက်ဖျားပိုင်းရှိ မြို့တစ်မြို့ဖြစ်သည့် နောင်မွန်မြို့ဖြစ်သည်။ မြန်မာနိုင်ငံရှိ ထူးခြားလှပသည့် ခါကာဘိုရာဇီရေခဲတောင်ရှိသည့် မြို့နယ်လည်းဖြစ်သည်။ နောင်မွန်မြို့နယ်တစ်ခုလုံးတွင် လူဦးရေ ၇,၀၀၀ ခန့်ရှိကြောင်း နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျမင်းကဆိုသည်။
တောင်ကုန်းများ ဝန်းရံထားသည့် ကျေးရွာတစ်ရွာသာသာရှိသော မြေပြန့်တွင် သွပ်မိုးအိမ်များ၊ တိန်းကော် (တောင်ပေါ်ဒေသအိမ် မိုးရာသီတွင် အသုံးပြုသည့်ရွက်) မိုးထားသောအိမ်များကို အစီအရီတွေ့ရသည်။
ဟောင်းနွမ်းနေသည့် အထက်တန်းကျောင်း၊ ဆေးရုံ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ၊ ကတ္တရာလမ်းပေါ်တွင် သွားလာနေသည့် ဒေသခံများ၊ ဆိုင်ကယ်များ၊ ကျွဲ၊ နွားများက မြို့၏ပုံမှန်ရှုခင်းဖြစ်သည်။
နောင်မွန်မြို့တွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သည့် ရဝမ်လူမျိုး အများဆုံး နေထိုင်သည်။ ဒေသခံတိုင်းရင်းသားများကလည်း ဖော်ရွေကြသည်။
နောင်မွန်မြို့သည် မြစ်ကြီးနားမှ ၃၀၅ မိုင် ဝေးသည်။ နောင်မွန်မြို့သို့သွားလျှင် ပူတာအိုအထိ လေယာဉ်စီးသွားပြီး ပူတာအိုမှ နောင်မွန်အထိ ဆိုင်ကယ်ဖြင့်သွားလျှင် ခြောက်နာရီခန့် ခရီးဆက်ရသော မြို့လည်းဖြစ်သည်။ လမ်းခရီးတွင် သဲကျောက်လမ်းဖြစ်သော်လည်း တောင်ပြိုပြီး လမ်းများ မကြာခဏပိတ်တတ်သကဲ့သို့ တစ်လမ်းလုံးချိုင့်ခွက်များ၍ ဆိုင်ကယ်စီးသော်လည်း မြင်းစီးသကဲ့သို့ ခံစားရမည်ဖြစ်သည်။
‘နောင်မွန်’ဆိုသည်မှာ ရဝမ်စကားမဟုတ်သကဲ့သို့ ဗမာစကားလည်းမဟုတ်၍ အဓိပ္ပာယ်လည်းမရှိကြောင်း ငယ်ငယ်ကတည်းက နောင်မွန်တွင်နေထိုင်သည့် အသက် (၈၄)နှစ်အရွယ်ရှိ ရဝမ်အဘွားအိုတစ်ဦးကဆိုပါသည်။
ယခင်က ကျောက်ဖြူများ ပေါများစွာရှိသည့် မြို့ဟု အဓိပ္ပာယ်ရသည့် ရဝမ်စကားဖြစ်သည့် ‘လုံမောင်’ဟု စတင်ခေါ်ဆိုလာရာမှ ရဝမ်စကား ကောင်းစွာမသိသည့် အောက်ပိုင်းမှ တာဝန်ကျသည့် ဝန်ထမ်းများက နောင်မွန်ဟု မှားယွင်းခေါ်ဆိုပြီးနောက်ပိုင်း နောင်မွန်ဆိုပြီး ဖြစ်လာခဲ့ကြောင်းလည်း အဆိုပါ အသက် (၈၄)နှစ်အရွယ်ရှိ ရဝမ်တိုင်းရင်း သူအဘွားအိုကပြောသည်။
နောင်မွန်ဒေသသည် ၁၉၆၄ ခန့်က တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲလုံးဝမရှိတော့သည့် ဒေသဖြစ်ကြောင်း အသက် (၇၀)အရွယ်ရှိ နောင်မွန်ဒေသခံ အဘိုးအိုတစ်ဦးကပြောသည်။
နောင်မွန်ဒေသရှိ ဒေသခံအများစုသည် တောင်ယာ၊ လယ်ယာလုပ်ကိုင်စားသောက်ကြပြီး တောင်ပေါ်ဆေးမြစ်၊ သစ်ဥ၊ သစ်ဖုများ ရှာဖွေ၍ အသက်မွေးဝမ်း ကျောင်းပြုကြသည်။
၂၀၁၀ မတိုင်မီက နောင်မွန်မှ မချမ်းဘောထိသွားလိုလျှင် လမ်းလျှောက်သွားရပြီး လမ်းတွင် သုံးညအိပ်မှ မချမ်းဘောရောက်ကြောင်း နောင်မွန်ဒေသခံအသက် (၄၀)အရွယ်ရှိ ဦးဒီရမ်ကဆိုသည်။ ယခုအချိန်အထိလည်း မိုးတွင်းဆိုလျှင် ဆိုင်ကယ်များသာ သွားလာ၍ရပြီး ကားများသွားလာမရပေ။
လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နောင်မွန်မြို့သည် မြစ်ကြီးနားမြို့ထက် ကုန်ဈေးနှုန်း သုံးဆခန့် ပိုမြင့်ပြီး ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲရသည့်ဒေသလည်း ဖြစ်သည်။
နောင်မွန်မြို့သည် ကုန်ဈေးနှုန်းဈေးအကြီးဆုံးဟု တင်စားခံရသည့်မြို့ဖြစ်သည့် ပူတာအိုထက် ကုန်ဈေးနှုန်းတစ်ဆခန့် ပိုများသည့် မြို့ဖြစ်သည်။ သို့သော် မြန်မာပြည်၏ မြောက်ဘက်အစွန်ဆုံးမြို့ဖြစ်သော ခေါင်လန်ဖူးမြို့နယ်လောက် ဈေးမကြီးဘဲ ခေါင်လန် ဖူးပြီးလျှင် နောင်မွန်မြို့သည် မြန်မာနိုင်ငံတွင် ဒုတိယကုန်ဈေးနှုန်းအမြင့်ဆုံးမြို့ဖြစ်သည်။
‘‘ဒီမှာ အခက်ခဲဆုံးက အစားအသောက်ပဲ။ ကုန်ဈေးနှုန်းကလည်း ဈေးကြီးတယ်။ တစ်ထောင်ဖိုး ကြက်ဥသုံးလုံးပဲရတယ်။ အများပိုင်းက Ready Made (အသင့်အစားအစာ)တွေပဲရှိတာ’’ ဟု နောင်မွန်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။
အသားခုံလည်းမရှိ၍ ဒေသခံများမှာ တောကောင်တွေရရှိမှသာ အသားစားရလေ့ရှိသည်။
နောင်မွန်တွင် ခရမ်းချဉ်သီးလေးလုံးကို ကျပ် ၁,၀၀၀ ပေးဝယ်ရသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၈,၀၀၀ ပေးဝယ်စားရပြီး ကော်ဖီတစ်ခွက်လျှင် ကျပ် ၅၀၀ ပေးရသည်။ ဈေးကြီးဖြင့် ဝယ်စားရသည်သာမက ရက်လွန်သည့် အစားအစာများကိုသာ အဓိက ဝယ်စားနေရသည့် မြို့လည်းဖြစ်သည်။
‘‘တောင်ပေါ်မှာ ကျောင်းဆရာမလုပ်နေတဲ့ သူငယ်ချင်းကို လက်ဆောင်ပါးလိုက်မလို့ လက်ဖက်သုပ်လိုက်ရှာတာ ၁၀ ဆိုင်ကျော်လောက် ရှာကြည့်တယ်။ ရက်မလွန်တာမရှိဘူး။ တခြားအစားအစာတွေရော အတူတူပဲ။ အများပိုင်းက ရက်လွန်တာတွေပဲ။ နောင်မွန်ရော၊ ပူတာအိုရောပဲ’’ဟု နောင်မွန်သို့သွားခဲ့သည့် မြစ်ကြီးနားဒေသခံ မချန်းဆွမ့်က ၎င်း၏ အတွေ့အကြုံအား ပြောပြသည်။
ကုန်ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူသုံးစွဲနေရသည့် ဒေသဖြစ်သည်သာမက ပညာရေးပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ အနိမ့်ဆုံးမြို့နယ်များထဲတွင်ပါသည့် မြို့ဖြစ်သည်။
၂၀၁၅-၁၆ တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၆၀ ကျော်ရှိရာ အောင်မြင်သူနှစ်ဦးသာရှိသည့် မြို့ဖြစ်ပြီး ကချင်ပြည်နယ် ခေါင်လန်ဖူး၊ ဆော့လော်၊ ပန်နန်းဒင်ပြီးလျှင် ဒုတိယ အောင်ချက်အနိမ့်ဆုံးမြို့ဖြစ်သည်။
‘‘အဓိကက လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရယ်၊ ပြီးတော့ သင်ထောက်ကူတွေအကုန်လုံး သူငယ်တန်းကနေ ၁၀ တန်းအထိလိုတယ်။ ဒါတွေ မပြည့်စုံလို့လည်း အောင်ချက်ရာခိုင်နှုန်းကျတာလည်း ဖြစ်နိုင်တယ်’’ဟု ဒုပညာရေးမှူးကပြောသည်။
ယခု စာသင်နှစ်တွင်လည်း စာသင်ချိန်သုံးလရောက်လာသည်အထိ ကျောင်းဖတ်စာအုပ်များ ထက်ဝက်ခန့် မပို့နိုင်သေးကြောင်း နောင်မွန်မြို့နယ် ဒုပညာရေးမှူး ကူရှင်တင်ထွဋ်က ဆိုသည်။ နောင်မွန်မြို့နယ်တွင် ကျောင်းပေါင်း ၄၁ ကျောင်းရှိပြီး အချို့ကျောင်းများသည် နောင်မွန်မြို့မှ နှစ်ပတ်ခန့် လမ်းလျှောက်ပြီး သွားရသည့်ကျောင်းများရှိကြောင်းလည်း ဒုပညာရေးမှူးကဆိုသည်။
‘‘အောင်ချက်ကောင်းလာအောင်က အတွေ့အကြုံများပြီး အချိန်များများပေးနိုင်တဲ့ ဆရာတွေလိုတယ်။ အခုဟာက အတွေ့အကြုံနည်းတဲ့ ဆရာတွေများတယ်’’ဟု ပူတာအိုခရိုင် ပညာရေးမှူး ဦးကျော်ဝင်းကဆိုသည်။
ပြီးနောက် ပူတာအိုခရိုင်သည် ခက်ခဲသည့်ဒေသဖြစ်၍ ပညာရေးဝန်ထမ်းများလည်း တစ်နှစ် တာဝန်ထမ်းဆောင်ပြီးပါက ပြောင်းရွှေ့ခွင့်တင်၍ရကြောင်းလည်း ခရိုင်ပညာရေးမှူးက ဆက်လက်ဆိုသည်။
နောင်မွန်မြို့နယ်သည် ပညာရေးဘက်လည်း အားနည်းသကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းလည်း အားနည်းသည်။ ဆေးရုံရှိသော်လည်း ယခင်က ဆရာဝန်မရှိသည့် မြို့ဖြစ်ပြီးနောက် ၂၀၁၅ မှ ဆရာဝန်ရှိလာသည်။
ပြီးခဲ့သည့် စက်တင်ဘာလလယ်ကလည်း နောင်မွန်မြို့နယ် လန်ဆာထုကျေးရွာတွင် တစ်ရွာလုံးဖျားနာပြီး စာသင်ကျောင်းပိတ်ထားရသည်အထိ ဖြစ်သော်လည်း သက်ဆိုင်ရာက တစ်ခါမျှ လာရောက်ကြည့်ရှုပြီး ဆေးကုသပေးခြင်းမရှိ၍ ကျေးရွာတွင် ရောင်းသည့် ပါရာစီတမောကိုသာ ဝယ်သောက်ခဲ့ရကြောင်း အဆိုပါကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌက ပြောသည်။
အချို့ကျေးရွာများတွင်လည်း ကျေးလက်ကျန်းမာရေးဌာနမရှိ ၍ ကျန်းမာရေးမကောင်းလျှင် အခက်အခဲများစွာရှိကြောင်း ဒေသခံများကဆိုသည်။
‘‘ဒီလမှာ ကျွန်တော်တို့ရွာမှာ ကလေးမွေးမယ့်သူသုံးယောက်ရှိလို့ ဆရာမကိုသွားခေါ်တာ သူ့ယောက်ျားက ဒီလောက်ဖျားရင်လည်း နောင်မွန်ဆေးရုံ သွားပါလားလို့ပြောခဲ့တယ်။ လမ်းဆိုးတော့ နောင်မွန်မြို့အထိ သွားဖို့လည်းမလွယ်ဘူး။ တချို့ကျေးရွာတွေဆို ဆရာမတောင်မရှိဘူး’’ဟု နောင်မွန်မြို့နယ် ရပ်ဘော့အုပ်ချုပ်ရေးမှူး ဦးငွါလီဆာကဆိုသည်။
နောင်မွန်မြို့နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်မှအပ ကျန်သုံးနေရာတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိသည်။ နောင်မွန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်ကို သိသော်လည်း လက်ရှိ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့ကို သိရှိသူအလွန်ပင်နည်းပါးသည်။
ဒေသဖွံ့ဖြိုးတိုးတက်မှုမရှိ၍ ယခင်ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၃-၁၄ ဘဏ္ဍာနှစ်ကစ၍ စီမံကိန်းရေးဆွဲကာ ဘတ်ဂျက်ချပေးပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသခံများ စားဝတ်နေရေးအဆင်ပြေရန် ကြိုးစားခဲ့သည်။ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် မချမ်းဘော-နောင်မွန်လမ်းကို သဲကျောက်ခင်းလမ်းကွန်ကရစ်တံတားခင်းခြင်း၊ ကြိုးတံတားများ၊ ဆိုင်ကယ်လမ်းများ၊ မူလတန်းကျောင်းများ၊ ရေပေးဝေရေးနှင့် ရေကာတာတည်ဆောက်ခြင်း၊ နောင်မွန်လေယာဉ်ကွင်း တည်ဆောက်ခြင်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေသည်။
နောင်မွန်မြို့နယ်တွင် တည်ဆောက်သည့် လုပ်ငန်းအများစုသည် ပြည်သူ့စစ်ခေါင်းဆောင်၊ လွှတ်တော်အမတ်များပိုင်သည့်ကုမ္ပဏီများဖြစ်ပြီး ၎င်းတို့ ကန်ထရိုက်ယူသည့် စာသင်ကျောင်း၊ ရေပေးဝေရေး၊ လမ်းပြုလုပ်ရေးတို့သည် အရည်အသွေးကောင်းများ မလုပ်ပေး၍ ဒေသခံများ မကျေနပ်မှုများစွာ ရှိနေသည်။
အချို့နေရာများတွင် စီမံကိန်းကာလကျော်လွန်ပြီဖြစ်သော်လည်း ယခုအချိန်ထိ မပြီးစီးသေးသည့် စီမံကိန်းများစွာရှိသည်။
ရှီမန်ကျေးရွာကဲ့သို့သော အချို့ကျေးရွာများတွင် ရေပေးဝေရေးစီမံကိန်း ပြီးစီးပြီဖြစ်သော်လည်း ရေမလာ၍ အသုံးပြုလို့မရကြောင်း ဒေသခံများကဆိုသည်။
ဆောက်လုပ်ထားသည့် ကျောင်းများ၊ ဆိုင်ကယ်လမ်းများ၊ ရေပေးဝေရေးလုပ်ငန်းတို့သည် အရည်အသွေးမပြည့်မီကြောင်း ဒေသခံများက ဝေဖန်သည်။
‘‘ကျွန်မတို့ကျောင်းက ပြီးတာ တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတယ်။ အခုက မိုးယိုနေပြီ။ အောက်မှာလည်း ကွန်ကရစ်နဲ့ဖောင်ဒေးရှင်းလည်း မချဘူး။ ဒီအတိုင်းပဲ မြေကြီးပေါ်မှာ ချထားတယ်’’ဟု နောင်မွန်မြို့နယ် ဂတ်ထုကျေးရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကဆိုသည်။
ထိုဘတ်ဂျက်နှစ်တွင် ပြည်နယ်လွှတ်တော်အမတ် ချန်တန်ခင်ပိုင်ဆိုင်သည့် ခါနန်စီးတီးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေသော ဂတ်ထုကျေးရွာမှ ရေပေးဝေရေးလည်း ယခုထိမပြီးသေးကြောင်း ဒေသခံများကဆိုသည်။
ပါဘော့ကျေးရွာအုပ်စုမှ မုန်တုန် မူလွန်ကျောင်းဆောင်လည်း ယခုအထိ အပြီးမဆောက်ပေးနိုင်သေးပေ။
ဖွံ့ဖြိုးရေးများ လုပ်ဆောင်နေသော်လည်း ကန်ထရိုက်ယူသည့် ကုမ္ပဏီများက ကောင်းမွန်စွာ လုပ်ဆောင်ပေးခြင်းမရှိ၍ ပြောင်းလဲမှုမရှိသကဲ့သို့ ယူဆရကြောင်း ဒေသခံများကဆိုသည်။
‘‘နောင်မွန်မြို့နယ်အဖြစ်သတ်မှတ်ပေးတာက ကြာပြီ။ ပြောင်းလဲသွားတာက သိပ်မတွေ့ဘူး။ လမ်းပဲနည်းနည်းကောင်းတာ ဒါပဲ။ တခြား သိပ်မပြောင်းလဲဘူး’’ ဟု ဒေသခံဦးဒီရမ်က ၎င်း၏ယူဆချက်ကို ဆိုသည်။
ဒေသခံများ၏ အဓိကမျှော်လင့်ချက်သည် မြစ်ကြီးနား-ပူတာအို-နောင်မွန်လမ်းနှင့် နောင်မွန်မြို့နယ်ရှိ ကျေးရွာများသို့ သွားလာသည့် လမ်းကောင်းမွန်လာပြီး ၁၂ ရာသီသွားလာနိုင်ရန်ဖြစ်သည်။ ထိုသို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပါက အစစအရာရာ အဆင်ပြေလာနိုင်သည်ဟု ယူဆနေကြသည်။
No comments:
Post a Comment