Thursday, September 29, 2016

AA လက်နက်ကိုင်အဖွဲ့မှဖမ်းဆီးခေါ်ဆောင်သွားသော ဒေသခံပြည်သူနှစ်ဦး အနက်မှ တစ်ဦးပြန်လည်လွတ်မြောက်


 


နေပြည်တော် စက်တင်ဘာ ၂၇

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ လားဘာဝကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် စက်တင်ဘာ၂၅ ရက် နံနက် ၉ နာရီခန့်တွင် အရပ်ဝတ်ဝတ်ဆင်ထားပြီး မျက်နှာတွင် စုတ်ပြဲဒဏ်ရာများရရှိထားသည့် ဒေသခံပြည်သူတစ်ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်မေးမြန်းခဲ့သည်။

စိစစ်မေးမြန်းချက်အရ ၎င်းမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ကျေးရွာတွင်နေထိုင်သည့် ချင်းလူမျိုး ပါလီယန်ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် မီးလာဝကျေးရွာနေထွန်းလှနှင့်အတူ စက်တင်ဘာ ၁၇ရက်တွင်တစ်ဖက်နိုင်ငံ မော်ဒုတ်ကြီးကျေးရွာသို့အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့ပြီး ဦးအောင်ဆက်၏ နေအိမ်၌ တည်းခိုနေထိုင်လျက်ရှိကြောင်း၊ ၎င်းတို့နေထိုင်သည့် အိမ်ရှင်ဖြစ်သူမှ AA လက်နက်ကိုင်အဖွဲ့ထံသို့ သတင်းပို့ရမည်ဟုပြောသဖြင့် ကျေးရွာမြောက်ဘက်ရှိ AA လက်နက်ကိုင်အဖွဲ့ရုံးသို့သွားရောက် သတင်းပို့ခဲ့ကြောင်း၊ ၎င်းရုံးမှ ခေါင်းဆောင်တစ်ဦးက ရွာအပြင်သို့သွားလာခြင်း မပြုရန်မှာကြားခဲ့ကြောင်း၊ စက်တင်ဘာ ၁၉ ရက်ညနေ ၃ နာရီခန့်တွင် AA လက်နက်ကိုင်အဖွဲ့မှ နှစ်ဦးက ၎င်းတို့အားဖမ်းဆီးခေါ်ဆောင် သွားပြီး ရွာ၏မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာရှိတောင်ယာဟောင်းတစ်ခုတွင် ချုပ်နှောင်ထားခဲ့ကြောင်း၊ အဆိုပါနေရာတွင် တဲသုံးလုံးခန့်ရှိပြီး လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသည့် AA လက်နက်ကိုင်အဖွဲ့မှ ၁၂ ဦးတွေ့ရှိရကြောင်း၊ စက်တင်ဘာ ၂၀ ရက်မွန်းလွဲ ၁ နာရီခန့်တွင် AA လက်နက်ကိုင်အဖွဲ့မှ ၁၁ ဦးခန့်ထပ်မံ ရောက်ရှိလာပြီး ၎င်းတို့ထံမှ တာကာငွေနှစ်သိန်းခန့် (မြန်မာကျပ်ငွေသိန်း ၃၀ ခန့်)အားသိမ်းဆည်းသွားကြောင်း၊ ၎င်းတို့နှစ်ဦးအား တပ်မတော်မှထောက်လှမ်းရေးအဖွဲ့ဟုစွပ်စွဲပြောဆိုခဲ့ပြီး စက်တင်ဘာ၂၂ ရက်တွင် တစ်ဦး၊ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဦးသတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူနှစ်ဦးအနက်မှ ၎င်းမှာစက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင်AA လက်နက်ကိုင်အဖွဲ့များ အရက်သောက်နေစဉ် ချည်နှောင်ထားသည့်ကြိုးများကိုဖြေ၍ ထွက်ပြေးခဲ့ကြောင်း၊ ၎င်းထွက်ပြေးလွတ်မြောက်ပြီး နာရီဝက်ခန့် အကြာတွင်အဆိုပါနေရာမှ သေနတ်သံတစ်ချက်ကြားရသဖြင့် ထွန်းလှဆိုသူအား သတ်သည်ဟု ခန့်မှန်းရကြောင်း၊ ၎င်းမှာ ဖမ်းဆီးခံထားရသည့်နေရာမှ အရှေ့မြောက်ဘက် တောင်ကြောအတိုင်း ထွက်ပြေးခဲ့ရာ စက်တင်ဘာ၂၅ ရက်တွင် တပ်မတော်စစ်ကြောင်းနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးထားပြီး ထွက်ပြေးလွတ်မြောက်လာသည့်ပါလီယန်ဆိုသူမှာ ၎င်းတို့၏နှိပ်စက်မှုကြောင့်မျက်နှာတွင် စုတ်ပြဲဒဏ်ရာသုံးချက်ရရှိထားခြင်း၊ ဦးခေါင်းမှဆံပင်တို့အား မီးရှို့ထားခြင်း၊သံတုတ်ဖြင့်ရိုက်နှက်ထားသဖြင့် ရင်ဘတ်နှင့် ကျောပြင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း တို့ကြောင့် တပ်မတော်စစ်ကြောင်းက လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက် ပေးလျက်ရှိပြီး ၎င်းနေထိုင်သည့်နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments: