Wednesday, September 28, 2016

ပဲခူးတက္ကသိုလ်တွင် အလုပ်သမားချင်းစကားများရာမှ ကြက်သွန်လှီးဓားဖြင့် ထိုးသတ်

 ပဲခူးတက္ကသိုလ်အတွင်း တည်ဆောက်ဆဲ ဓမ္မာရုံတွင် အလုပ်သမားနှစ်ဦး အရက်သောက်ပြီး  စကားများရန်ဖြစ်ရာမှ ကြက်သွန်လှီးဓားဖြင့် ထိုးသတ်ခဲ့သဖြင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့ အမှတ် (၃)နယ် မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၆ ရက် ည ၁၀ နာရီကျော်တွင် အရက်သောက်ပြီးနောက် စကားများရန်ဖြစ်ကာ ဓမ္မာရုံ၌ ဆေးသုတ်သည့် အလုပ် လုပ်ကိုင်နေကြသော အသက် (၂၆)နှစ်အရွယ် အမျိုးသားက အသက် (၃၆)နှစ်အရွယ် အမျိုးသား ကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

‘‘နှစ်ယောက်စလုံး ရန်ကုန် တောင်ဒဂုံမြို့နယ်ကနေ ဒီမှာလာ အလုပ်လုပ်တဲ့သူတွေပါ။ အပြင် မှာ ၅၀၀ တန်အရက်နှစ်လုံးဝယ် ပြီး သောက်တယ်။ ပြီးတော့ တစ် ယောက်တစ်ခွန်းစကားများပြီး ရန်ဖြစ်ရာကနေ ကြက်သွန်လှီးတဲ့ ဓားနဲ့ ထိုးသတ်လိုက်တာပါ။ တရားခံလည်း ဖမ်းမိထားပါတယ်’’ဟု ရဲအရာရှိက ပြောသည်။

လူသတ်မှုကျူးလွန်သူ အမျိုးသားကို အမှတ် (၃) နယ်မြေရဲ စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

No comments: