Wednesday, September 28, 2016

ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အနားယူ၍ ဆေးကုသမှုခံယူ

ရန်ကုန်၊ စက်တင်ဘာ ၂၇

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်၌ အနားယူ၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

"ဆေးဝါးကုသဖို့အတွက် နေအိမ်မှာပဲ အနားယူနေပါတယ်၊ ဆရာကိုယ်တိုင်ပဲ ကုပေးနေတာပါ၊ အစာအိမ်ရောင်တာပေါ့၊ အမေရိကမှာ အစားအသောက် မမှန်တဲ့အခါ အစာအိမ်ရောင်တယ်။ အူအနည်းငယ် ရောင်တယ်။ လည်ပင်း ကျီးပေါင်းတက်တယ်၊ အတိုင်ပင်ခံရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်ဖွယ်မရှိပါဘူး"ဟု ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို ကျွမ်းကျင်သူ ဆရာဝန်ကြီးများနှင့် စစ်ဆေးခဲ့ရာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ် များပြားလွန်းပြီး အနားယူချိန် နည်းပါးမှုကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ် ရောင်ရမ်းခြင်းနှင့် ကွန်ပျူတာ အသုံးများသဖြင့် အရိုး ကျီးပေါင်းတက်ခြင်းတို့ကို တွေ့ရှိရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်းကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့နှင့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၀ ရက်နေ့မှ ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ၂၅ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့သည်။ 

No comments: