Showing posts with label ငလျင်. Show all posts
Showing posts with label ငလျင်. Show all posts

Sunday, September 25, 2016

ရန်ကုန်နှင့် မြို့ကြီးအချို့ အင်အားပြင်း မြေငလျင်အန္တရာယ်ရှိ


 

ရန်ကုန်၊ စက်တင်ဘာ ၂၄

 

စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ မိုင်ကီလိုမီတာ အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့် အန္တရာယ် ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

 

အဆိုပါ စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ဖြစ်သည့် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့တို့သည် ချောက်မြေငလျင်ကဲ့သို့ အင်အားပြင်း မြေငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ပြီး အလားတူ လူဦးရေ ထူထပ်များပြားသည့် ရန်ကုန်မြို့သည်လည်း ဘေးအန္တရာယ်ကြီးစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ချောက်ငလျင်ကြောင့် ပုဂံ-ညောင်ဦး ဒေသရှိ စေတီပုထိုးများ ပျက်စီးခဲ့ရပြီး အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ရာတွင် အဆိုပါငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာရှိ ထိုးစိုက်ဇုန် (Subduction Zone) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အထက်အောက် လှုပ်ရှားမှုကို ပိုမိုခံစားရကြောင်း၊ ပုဂံဘုရားများ၏ တည်ဆောက်ပုံစနစ်သည် ယင်းအထက်အောက် လှုပ်ခတ်မှုနှင့် လိုက်လျောညီထွေ ရှိသည့်အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးမှု နည်းရခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က သုံးသပ်ပြောဆိုသည်။

 

“လေ့လာချက်တွေအရ စစ်ကိုင်းပြတ်ရွေ့က Active (လှုပ်ရှားမှု) ဖြစ်လာနေတဲ့အတွက် ဒီပြတ်ရွေ့တစ်လျှောက်မှာ ရှိတဲ့မြို့တွေက အန္တရာယ် ပိုများနေတယ်” ဟု ၎င်းက ဆိုသည်။

 

ယင်းကြောင့် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေမှာ ဘေးတိုက်ပြတ်ရွေ့ ဖြစ်သည့်အတွက် ငလျင်လှုပ်ခတ်ခဲ့ပါက အထက်အောက် လှုပ်ရှားမှုမျိုးထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစားရနိုင်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု များနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး ပြောဆိုသည်။

Saturday, September 24, 2016

ဖိလစ်ပိုင်တွင် ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်

မနီလာ၊ စက်တင်ဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံ၊ မင်ဒန်နာအိုကျွန်းတွင် ယနေ့မနက် အစောပိုင်းက ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ငလျင်လှုပ်ခတ်ချိန်တွင် ယင်းကျွန်းရှိ ဟိုတယ်များတွင် တည်းခိုနေသူများနှင့် ဆောက်လုပ်ရေး လုပ်သားများမှာ ထိတ်လန့်ပြီး အဆောက်အဦများထဲမှ ပြေးထွက်ခဲ့ကြရသော်လည်း လက်ရှိအချိန်ထိ ထိခိုက်ပျက်စီးမှု သတင်းပေးပို့ချက် တစ်စုံတစ်ရာ မရှိသေးချေ။

ငလျင်မှာ မင်ဒန်နာအိုကျွန်းပေါ်ရှိ ဒါဗာအိုမြို့ အရှေ့ဘက် ၇၁ မိုင်အကွာကို ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ၄၃ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရခြင်းလည်း မရှိချေ။

ပြင်းအား ၆ ဒသမ ၃ ဆိုသည်မှာ အင်အားပြင်းထန်သည့် ငလျင်အဆင့်တွင် ရှိသော်လည်း ငလျင်ဗဟိုပြုသည့် နေရာနှင့် အနက်တို့ကြောင့် ကြီးကြီးမားမား အန္တရာယ် မကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် မြေငလျင်အေဂျင်စီ၏ အကြီးအကဲ ရီနာတိုဆိုလီဒန်က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံသည် ပထဝီဝင် အနေအထားအရ ငလျင်လှုပ်ခတ်နိုင်ချေ မြင့်မားသည့် နိုင်ငံတစ်ခုဖြစ်ပြီး ငလျင်လှုပ်ခတ်မှုများနှင့်လည်း ကြုံတွေ့ရလေ့ရှိသော နိုင်ငံဖြစ်သည်။

Friday, September 23, 2016

မန္တလေးတိုင်း ထမ္မံသီမြို့ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာကို ဗဟိုပြုကာ မြေငလျင်လှုပ်ခတ်ခဲ့ သော်လည်း နောက်ဆက်တွဲ မြေငလျင် မဖြစ်ပေါ်နိုင်



Posted: September 23, 2016

မန္တလေးတိုင်းဒေသကြီး ထမ္မံသီမြို့ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာကို ဗဟိုပြု၍ စက်တင်ဘာလ (၂၂) ရက်နေ့က လှုတ်ခက်ခဲ့သော်လည်း နောက်ဆက်တွဲ မြေငလျင် မလှုပ်ခက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

 

“အင်အားနည်းတယ်။ ၄.၈ ပဲ ရှိတော့ အင်အားနည်းတဲ့အတွက် နောက်ဆက်တွဲ ငလျင်မလှုပ်ခတ်နိုင်ဘူး။ ပုံမှန် ကတော့ ငလျင်အကြီးလှုပ်ခတ်ပြီးမှ နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်တာ ဖြစ်တယ်။ ဒါက အင်အားအနည်းငယ်ပဲရှိတော့ နောက်ထပ်မလှုပ်ခက်နိုင်ပါဘူး”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ (နေပြည်တော်) လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာ ရင်မျိုးမင်းထွေးက စက်တင်ဘာ(၂၃)ရက်က ပြောသည်။

 

မန္တလေးတိုင်းဒေသကြီး ထမ္မံသီမြို့ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာကို ဗဟိုပြု၍ စက်တင်ဘာလ(၂၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၅၃)မိနစ် (၄၄)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက် အနောက်မြောက်ဘက် (၂၂၀)မိုင် အကွာအဝေး၌ အင်အားရစ်(ခ်)တာ စကေး(၄.၈)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

 

“သူက အနက်မိုင်(၁၀၀)ကျော်တာရယ်။ သူ့ရဲ့ မြေငလျင်ဗဟိုချက်က မြို့ရွာတွေနဲ့ ဝေးတဲ့ တောဘက်မှာ ဖြစ်တော့ အပျက်အစီး သတင်းတော့ မရရှိဘူး။ ပုံမှန်ဆိုရင်လည်း ကျွန်တော်တို့ သူ့မြေငလျင်ဗဟိုချက် အနက်က (၁၀၀) ကျော်ဆိုတော့ တအားနက်တာတစ်ကြောင်း လူနေသိပ်သည်းမှု နည်းတဲ့နေရာ ဖြစ်တဲ့အတွက် အပျက်အစီးတော့ မရှိဘူး”ဟု ဒေါက်တာ ရင်မျိုးမင်းထွေးက ပြောသည်။

 

မြန်မာနိုင်ငံတွင် သြဂုတ်လ(၂၄)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ဘုရားစေတီ(၂၄၁)ဆူနှင့် သေဆုံးသူ(၃)ဦးရှိပြီး သြဂုတ်လ(၂၇)ရက်နေ့၌ မြန်မာ-အိန္ဒိယနယ်စပ် မော်လိုက်မြို့၏ အနောက်မြောက်ဘက် (၃၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံတွင် မြေငလျင် လှုပ်ခတ်မှုအခြေအနေကို သိရှိနိုင်ရန် Very Broad-band(VBB) (၁၂)စခန်း၊ Stromg Motion Seismograph(၁၁)လုံး၊ Analogue Seismograph(၂)လုံး တပ်ဆင်ထားပြီး လက်ရှိရန်ကုန်၊ မန္တလေး၊ ဟားခါး၊ ကျိုင်းတုံ၊ တမူးမြို့နယ်များ တပ်ဆင်ထားကြောင်း သိရသည်။

 

MMK

The Ladies News