Posted: September 23, 2016
မန္တလေးတိုင်းဒေသကြီး ထမ္မံသီမြို့ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာကို ဗဟိုပြု၍ စက်တင်ဘာလ (၂၂) ရက်နေ့က လှုတ်ခက်ခဲ့သော်လည်း နောက်ဆက်တွဲ မြေငလျင် မလှုပ်ခက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
“အင်အားနည်းတယ်။ ၄.၈ ပဲ ရှိတော့ အင်အားနည်းတဲ့အတွက် နောက်ဆက်တွဲ ငလျင်မလှုပ်ခတ်နိုင်ဘူး။ ပုံမှန် ကတော့ ငလျင်အကြီးလှုပ်ခတ်ပြီးမှ နောက်ဆက်တွဲငလျင် လှုပ်ခတ်နိုင်တာ ဖြစ်တယ်။ ဒါက အင်အားအနည်းငယ်ပဲရှိတော့ နောက်ထပ်မလှုပ်ခက်နိုင်ပါဘူး”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ (နေပြည်တော်) လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာ ရင်မျိုးမင်းထွေးက စက်တင်ဘာ(၂၃)ရက်က ပြောသည်။
မန္တလေးတိုင်းဒေသကြီး ထမ္မံသီမြို့ အရှေ့တောင်ဘက် (၁၆)မိုင်ခန့် အကွာကို ဗဟိုပြု၍ စက်တင်ဘာလ(၂၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၉)နာရီ (၅၃)မိနစ် (၄၄)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက် အနောက်မြောက်ဘက် (၂၂၀)မိုင် အကွာအဝေး၌ အင်အားရစ်(ခ်)တာ စကေး(၄.၈)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
“သူက အနက်မိုင်(၁၀၀)ကျော်တာရယ်။ သူ့ရဲ့ မြေငလျင်ဗဟိုချက်က မြို့ရွာတွေနဲ့ ဝေးတဲ့ တောဘက်မှာ ဖြစ်တော့ အပျက်အစီး သတင်းတော့ မရရှိဘူး။ ပုံမှန်ဆိုရင်လည်း ကျွန်တော်တို့ သူ့မြေငလျင်ဗဟိုချက် အနက်က (၁၀၀) ကျော်ဆိုတော့ တအားနက်တာတစ်ကြောင်း လူနေသိပ်သည်းမှု နည်းတဲ့နေရာ ဖြစ်တဲ့အတွက် အပျက်အစီးတော့ မရှိဘူး”ဟု ဒေါက်တာ ရင်မျိုးမင်းထွေးက ပြောသည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ(၂၄)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ဘုရားစေတီ(၂၄၁)ဆူနှင့် သေဆုံးသူ(၃)ဦးရှိပြီး သြဂုတ်လ(၂၇)ရက်နေ့၌ မြန်မာ-အိန္ဒိယနယ်စပ် မော်လိုက်မြို့၏ အနောက်မြောက်ဘက် (၃၁)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြေငလျင် လှုပ်ခတ်မှုအခြေအနေကို သိရှိနိုင်ရန် Very Broad-band(VBB) (၁၂)စခန်း၊ Stromg Motion Seismograph(၁၁)လုံး၊ Analogue Seismograph(၂)လုံး တပ်ဆင်ထားပြီး လက်ရှိရန်ကုန်၊ မန္တလေး၊ ဟားခါး၊ ကျိုင်းတုံ၊ တမူးမြို့နယ်များ တပ်ဆင်ထားကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment