ရန်ကုန်၊ စက်တင်ဘာ ၂၂
အမေရိကန် ပြည်ထောင်စု အခြေစိုက် စွမ်းအင်နှင့် နည်းပညာ ကုမ္ပဏီ General Electric (GE) က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဓာတ်ငွေ့သုံး ဓာတ်အား ထုတ်လုပ်မှု၏ ၉၅ ရာခိုင် နှုန်းကျော်ကို GE ၏ နည်းပညာများဖြင့် ပံ့ပိုးထားပြီး ၂ဝ၁၈ ခုနှစ်တွင် GE ၏ အခြေစိုက် စခန်းများ နှစ်ဆကျော် တိုးချဲ့လာမည်ဖြစ်၍ အစိုးရ၏ ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး ဦးတည်ချက်ကို ကူညီမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သတင်း ထုတ်ပြန်သည်။
နေပြည်တော်တွင် ကျင်းပသော ၂ဝ၁၆ အာဆီယံ စွမ်းအင်ဝန်ကြီးများ အစည်းအဝေးတွင် GE ကုမ္ပဏီက မြန်မာ အစိုးရအပေါ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အား ကွန်ရက် ချိတ်ဆက်ခြင်းဆိုင်ရာ အပါအဝင် နည်း ပညာဆိုင်ရာများကို အကြံပြု တင်ပြခဲ့သည်။
“မြန်မာနိုင်ငံက ရေအားနဲ့ ဓာတ် အားကိုသာ အဓိကအသုံးပြုပြီး တစ်နိုင်ငံ လုံး ဓာတ်အားထုတ်လုပ်မှုရဲ့ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကျောက်မီးသွေး အသုံးပြုပြီး နိုင်ငံရဲ့ စွမ်းအင် လုံလောက်စေမယ့် အလားအလာကို တွေ့ရပါတယ်”ဟု GE ကုမ္ပဏီ၏ Executive Product Leader Mr.Amir Mujezinovic က ပြောကြားသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်မှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းဖြင့် တိုးပွားလျက် ရှိပြီး နှစ်ပေါင်း ကြာရှည်စွာ အသုံးပြုထားသော အခြေခံ အဆောက်အဦများနှင့် ဓာတ်အား ထုတ်လုပ်မှု နည်းလမ်း မပြည့်စုံခြင်းတို့ကြောင့် နိုင်ငံတွင်း တိုးပွားလျက် ရှိသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် အခက်အခဲများ ရှိကြောင်း GE ကုမ္ပဏီထံမှ သိရသည်။
ရန်ကုန်မြို့တော်၌ပင် လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုသည် မကြာခဏ ဖြစ်လေ့ရှိပြီး အခြား မဖွံ့ဖြိုးသေးသော ဒေသများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် တစ်ကြိမ်လျှင် ၉ နာရီမှ ၁၂ နာရီအထိ ကြာမြင့်လေ့ရှိကြောင်း၊ ၂ဝ၁၄ ခုနှစ် စာရင်းများအရ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း၊ ကျေးလက် ဒေသလူဦးရေ ၈၄ ရာခိုင်နှုန်းသည် ပင်မ ဓာတ်အား ကွန်ရက်ထံမှ လျှပ်စစ်ဓာတ်အား မရရှိကြကြောင်း GE ကုမ္ပဏီထံမှ သိရသည်။
No comments:
Post a Comment