Thursday, September 29, 2016

ပြည်မြို့နယ်အတွင်း အလှူခံမည့်အဖွဲ့များ အသံချဲ့စက် အသုံးမပြုရန် ပြည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးမှ တားမြစ်

ပဲခူးတိုင်းဒေသကြီးနောက်ပိုင်း၊ ပြည်မြို့နယ်အတွင်း လှည့်လည်အလှူခံနေသည့် အလှူခံအဖွဲ့များအား အသံချဲ့စက် အသုံးပြုခွင့်ကို တားမြစ်ထားကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။

သံချဲ့စက်အသုံးပြုခြင်းနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများမှာ ယခင်ကပင် ရှိပြီးဖြစ်သော်လည်း စက်တင်ဘာလတွင်း ထပ်မံတင်းကျပ်လိုက်ပြီး မြို့နယ်တွင်း လှည့်လည် အလှူခံနေသည့် အဖွဲ့များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခုခြေအနေကတော့ ဒေသတွင်း လှည့်လည်အလှူခံတဲ့ အဖွဲ့တွေကို အသံချဲ့စက်သုံးဖို့တော့ ခွင့်မပြုထားပါဘူး။ အော်လံလို ဟာမျိုးကြီးတွေပေါ့။ ဆောင်းဘောက်လောက်ပဲ အသုံးပြုခွင့် ပေးထားပါတယ်” ဟု ပြည်မြို့နယ် ခတ္တအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က ပြောသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၃)ရက်တွင် ပြည်မြို့နယ်အတွင်း အလှူခံအဖွဲ့များနှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများမှ တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပြီး အသံကျယ်လောင်လွန်းသည့် အသံချဲ့စက်များ အသုံးမပြုရန် အသိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသံချဲ့စက်များဖြင့် ဆူညံကျယ်လောင်စွာ အလှူခံမှုများ ပြုလုပ်သောကြောင့် ဒေသတွင်း သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ အထိတ်တလန့်ဖြစ်ခြင်း၊ အချို့လူများ စိတ်အနှောင့်ယှက်ဖြစ်ခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံအချို့ကဆိုသည်။

“ကျွန်တော်တို့နိုင်ငံမှာ ဘာသာရေးကိစ္စက အရမ်းအကဲဆတ်လွန်းတော့ ဒီလိုကိစ္စမျိုးတွေမှာ သိပ်ပြီး မပြောရဲ ကြဘူး။ ဘာပဲဖြစ်ဖြစ် ပတ်ဝန်းကျင် အနှောင့်အယှက်မဖြစ်တဲ့ နည်းနဲ့ အလှူခံမယ်ဆိုရင်တော့ အားလုံးအတွက် ကောင်းတာပေါ့” ဟု ပြည်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အသံဆူညံခြင်းဖြင့် အလှူခံမှုများ ပြုလုပ်မည်ဆိုပါက အလှူခံခွင့် လျှောက်ထားရန်လိုအပ်ပြီး စည်းကမ်းချက်များ အနေဖြင့် လှည့်လည်လှူခံမည့်အဖွဲ့များမှာ အသံချဲ့စက် လုံးဝအသုံးမပြုရန်၊ အလှူခံခွင့် ခွင့်ပြုချက်စာ မူရင်း ကိုင်ဆောင်၍ တစ်ဖွဲ့ထက်ကျော်၍ အလှူမခံရန်၊ အလှူခံခွင့်ပြုကြောင်း သတ်မှတ်ရက်ထက် ကျော်လွန်၍ အလှူမခံရန် စည်းကမ်းချက်များ ပါရှိကြောင်း သိရသည်။

မဏ္ဍပ်ထိုး၍ တစ်နေရာတည်း အထိုင်အလှူခံမည်ဆိုလျှင် မော်တော်ယာဉ်များအား ရပ်တန့်စေခြင်း၊ သာသနာ့ အလံဝှေ့ရမ်းခြင်း၊ ငယ်ရွယ်သည့် ကလေးများကို အလှူခံစေခြင်း၊ လမ်းဘေး ဝဲယာ တစ်ဖက် ၅ ဦးနှုန်းဖြင့် ၁၀ ဦးထက် ကျော်လွန်အလှူခံခြင်း မပြုရန် စသည်ဖြင့် စည်းကမ်းချက်များ ရှိကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ပြည်မြို့နယ်အတွင်း လှည့်လှည်အလှူခံသည့် အလှူခံအဖွဲ့ ၇၄ ဖွဲ့ခန့်ရှိပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိပြီး သက်တမ်းကျန်ရှိနေသေးသည့် အဖွဲ့ ၃၀ ကျော်ရှိကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

MMK

The Ladies News

No comments: