Tuesday, July 5, 2016

ကဝိဂျာနယ် အယ်ဒီတာချုပ်နှင့် မြို့ခံအမျိုးသမီးကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့် -------------------------------------------

ပဲခူး၊ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးမြို့ အခြေစိုက် ကဝိဂျာနယ် အယ်ဒီတာချုပ် ဒေါက်တာစိုးမြင့်သန်း (ခ) အောင်ထိပ်နှင့် မြို့ခံအမျိုးသမီးတစ်ဦးကို ဇူလိုင်လ ၄ ရက်နေ့က ဥသာမြို့သစ် အမှတ်၂ ရပ်ကွက်နေသူ ဒေါ်ခင်မာချို (ခ) မချိုက ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ပဲခူးအခြေစိုက် သတင်းသမားများထံမှ စုံစမ်းသိရှိရသည်။

“မနေ့က ညနေပိုင်းလောက်မှာ အမှတ် ၃ ရဲစခန်းက မေးစရာရှိလို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတာ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတယ်” ဟု ပဲခူးဒေသခံ သတင်းသမားတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၂ ရက်နေ့က လူမှုကွန်ရက် Facebook စာမျက်နှာတွင်  ပဲခူးမြို့ ရှင်စောပုရပ်ကွက်တွင် ကဝိဂျာနယ်၏ အယ်ဒီတာချုပ် စာရေးဆရာ အောင်ထိပ် (ခ) ဒေါက်တာစိုးမြင့်သန်း သုံးစွဲသော La Yaung အကောင့်အမည်ဖြင့် ပဲခူးရဲများ ဖင်တုန်အောင် ကြောက်ရသည့် အမေချို (ခ) ကြက်မချို ပဲခူးမြို့နယ် ယာဉ်ဝင်းအတွင်းရှိ KTV ပိုင်ရှင် အမှုပွဲစား၊ သားနှစ်ယောက် လူသတ်မှုဖြင့် ထောင်ထဲတွင်၂ နှစ်ခန့်သာ နေရအောင် စွမ်းဆောင်နိုင်သူကို ပဲခူးတိုင်း ရဲတပ်ဖွဲ့မှူးကြီးက ဘယ်လိုအရေးယူမလဲဗျာဟု ရေးသားခဲ့ကြောင်း၊ ယင်းဖော်ပြချက်ကို Screenshot ဖြင့် ရိုက်ကာ ကူယူပြီး ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်အိကေဇင်၏ ဖေ့ဘွတ်စာမျက်နှာ Ei KayZin ဖြင့် ထပ်မံဖော်ပြခဲ့သဖြင့် ပြောဆိုခံရသူ အမျိုးသမီးက အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ပဲခူးမြို့ အမှတ် ၃ နယ်မြေရဲစခန်းထံမှ သိရှိရသည်။

No comments: