Friday, July 29, 2016

"ပုဂံဒေသရှိ ဆောက်လက်စ ဟိုတယ်အချို့ တည်ဆောက်ခွင့်ပြန်ရ "


ပုဂံဒေသတွင် ဆက်လက် ဆောက်လုပ်ခွင့်ကို ရပ်ဆိုင်းခံထားရသည့် ဟိုတယ် ၄၂လုံးထဲမှ လုံးဝ ဆောက်လုပ်ရခြင်း မရှိသေးသည့် ဟိုတယ် ၁၇လုံးကိုသာ တည်ဆောက်ခွင့်မပြုတော့ဘဲ တားမြစ်သွားမည် ဖြစ်ပြီး ကျန်သော ဆောက်လက်စ ဟိုတယ်များအားလုံးကို ဆက်လက် တည်ဆောက် လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားလိုက်သည် ။
” ဆိုင်းငံထားတဲ့ ဟိုတယ် ၄၂လုံးထဲမှာ လုံးဆောက်လုပ်ရခြင်း မရှိသေးတဲ့ ၁၇ လုံးကတော့ ဆက်ပြီး တည်ဆောက်ခွင့် မပေးတော့ပါဘူး ။ကျန် တစ်ဝက်တစ်ပျက် ပြီးနေတဲ့ ဟိုတယ်တွေကိုတော့ ဆက်ပြီး တည်ဆောက်ခွင့် ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပုဂံ အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု လာစေရန် ပြုလုပ်သည့် ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုမှ မီဒီယာများအား ဖြေကြားခဲ့ခြင်းဖြစ်သည်။
ယခု ခွင့်ပြုလိုက်သည့် ဟိုတယ်များအား အရင်းကြေ ကာလအဖြစ် ၁၅နှစ်သာ လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ပြီး အဆိုပါ ကာလကို ကျော်လွန်ပါက ဆက်လက်လုပ်ကိုင်ခွင့်မပြုတော့ဘဲ ရှေးဟောင်းဇုန်နယ်နမိတ်ဖြင့် ကင်းလွတ်သည့် ဟိုတယ်ဇုန် နေရာသစ်သို့ ရွေ့ပြောင်း၍ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဝန်ကြီးမှ ပြောကြားခဲ့သည်။
ဟိုတယ်များအား ခွင့်ပြုလိုက်သည့်အတွက် ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် ဝင်ရောက်ရေးကို မထိခိုက်စေရန်အတွက် သတ်မှတ်ချက်များကို ယူနက်စကိုဖြင့် ညှိနိုင်းကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ငြိမ်းချမ်း

No comments: