Friday, July 29, 2016

ရန်ကုန်ရွှေပြည်သာတွင် ဆရာမတစ်ဦးနှင့် ကျောင်သားမိခင်တစ်ဦးထံမှ ရွှေဆွဲကြိုးများကို လုယက်သွား


နိရဉ္စရာ၊ ဇူလှိုင် ၂၉

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ဇူလှိုင် ၂၈ ရက် တစ်နေ့တည်း အတွင်း ဆရာမတစ်ဦးနှင့် ကျောင်သားမိခင်တစ်ဦးထံမှ ရွှေဆွဲကြိုးများကို ဆိုင်ကယ်စီး အုပ်စုနှစ်ခုမှ လုယက် ယူဆောင်သွားကြောင်း သတင်း ရရှိသည်။

ပထမ ဖြစ်စဉ်မှာ ဇူလှိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မခက်ရွှေဇင် (၂၇) နှစ်သည် သားဖြစ်သူ မောင်မြတ်မင်းအောင်အား စက်ဘီးဖြင့် ကျောင်းသို့ လိုက်လံ ပို့ဆောင်ပေးခဲ့ပြီး ပြန်လာရာ ရွှေပြည်သာ စက်မှုဇုန် (၁) Top One စက်ရုံ အကွေ့သို့ အရောက်တွင် သူမ၏ နောက်မှ ဆိုင်ကယ် အနက်ရောင်ဖြင့် လူငယ်နှစ်ဦး လိုက်ပါလာပြီး နောက်မှ စက်ဘီးကို ၀င်တိုက်သဖြင့် လဲကျသွားခဲ့စဉ် ဆိုင်ကယ်စီးနှင်းလာသူ လူငယ်နှစ်ဦးမှ သူမ၏ လည်ပင်းတွင် ဆွဲထားသော အလေးချိန် (၁) ကျပ်သားခန့် သံကွင်းဆက် ဆွဲကြိုး၊ ဆွဲသီးပါ (ရွှေအိုးပုံစံ)၊ ကာလတန်ဖိုး (၉) သိန်းကျပ်ခန့်အား အတင်းလုယူ ထွက်ပြေးသွားကြောင်း ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်းလူငယ်နှစ်ဦးအား လူကိုမြင်လျင် မှတ်မိကြောင်း ၎င်းအမျိုးသမီးက ပြောကြားပြီး အရေးယူပေးပါရန် ရွှေပြည်သာမြို့မ ရဲစခန်းသို့ တိုင်ကြားသဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

အလားတူ ဇူလိုင်လ ၂၈ ရက် နံနက် ၈ နာရီ ၂၅ မိနစ်ခန့်က မူလတန်းပြ ဆရာမ မခင်မေကြည် (၂၅) နှစ်သည် အမက (၁၂) ရွှေပြည်သာကျောင်းသို့ စာသင်ကြားရန် လိုင်းကားစီးပြီး အမှတ် (၁) ရပ်ကွက် မိချောင်းအိုင် ရွာသစ် ပေပါကွေ့ ကားမှတ်တိုင်သို့ အရောက်တွင် ကားပေါ်မှ ဆင်းပြီး ရွှေဘိုပတ်လမ်းအတိုင်း လမ်းလျှောက် သွားစဉ် ထရန့်စဖော်မာပုံး အနီးအရောက်တွင် အမည်မသိသူ လူသုံးဦးမှ ဆိုင်ကယ်နှင့် စီးနှင်းလာပြီး သူမ၏ အနီးအရောက်တွင် နောက်မှ ထိုင်လျက်ပါလာသူမှ မခင်မေကြည်၏ ဆွဲကြိုးအား လုယူ ထွက်ပြေးသွားခဲ့ရာ အော်ဟစ် အကူအညီ တောင်းခံခဲ့သော်လည်း ဆိုင်ကယ်နှင့် မောင်းနှင် ထွက်ပြေးသွားခဲ့ဟု သိရသည်။

ဆရာမ မခင်မေကြည်ထံမှ လုယက် ခံခဲ့ရသော ရွှေကြိုး အလေးချိန်မှာ (၅) မူးသားခန့် အမ်းစီ ကြိုး အပြား ပုံစံ ဖြစ်ပြီး ကာလ တန်ဖိုးမှာ ကျပ် (၄) သိန်း ခန့်ရှိကြောင်း သိရှိရပြီး အရေးယူပေးပါရန် ရွှေပြည်သာ ရဲစခန်းသို့ တိုင်ကြားထားကြောင်း ၎င်းရဲအရာရှိက အတည်ပြု ပြောကြားသည်။

မခက်ရွှေဇင်မှာ ကရင်-ဗုဒ္ဓ ဖြစ်ပြီး Top One စက်ရုံဝင်းအတွင်းနေထိုင်ကာ မူလတန်းပြ ဆရာမ မခင်မေကြည် ဗမာ-ဗုဒ္ဓ ဖြစ်ပြီး ရွှေပြည်သာ (၁၉) ရပ်ကွက် နေထိုင်ကြောင်း သိရသည်။

ရွှေပြည်သာ မြို့မ ရဲစခန်းတွင် မခက်ရွှေဇင်ထံမှ ရွှေကြိုး လုယူသူ လူငယ် နှစ်ဦးအား ရွှေပြည်သာ မြို့မ ရဲစန်းမှ အမှုအမှတ် ပ/၇၅၄/၁၆ နှင့် အမှုဖွင့်ထားပြီး ဆရာမ မခင်မေကြည်ထံမှ ရွှေကြိုး လုယက်သူ သုံးဦးအား ပ/၇၅၅/ ၁၆ ဖြင့် အမှုဖွင့်ထားကြောင်း၊ လုယက်သူများကို ဥပဒေပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် တရားစွဲထားပြီး ရဲအုပ် ဇော်ဝင်းအောင်မှ ၎င်းလုယက်မှု ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီး တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ရွှေပြည်သာ မြို့မ ရဲစခန်းမှ တဆင့် သိရသည်။

စောမင်းဦး (ရွှေပြည်သာ)
Narinjara

No comments: