Friday, July 29, 2016

စိုးရိမ်ရေမှတ်အထက် မြင့်တက်လျက်ရှိသော ဒေသများ မိုးဇလ သတိပေးချက်ထုတ်ပြန် ------ ------- --------

မြစ်ရေများ စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက် နေသောကြောင့် ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ မြို့ ၁၂ မြို့ကို ရေဘေး အန္တရာယ် အထူး သတိပြုရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက် တိုင်းတာချက်များအရ ဧရာဝတီ မြစ်ရေသည် ရွှေကူ၊ ညောင်ဦးနှင့် ဟင်္သာတမြို့ တို့၌ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်နေပြီး နောက်ထပ် နှစ်ရက်ခန့် အထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက် နေနိုင်ကြောင်း ဧရာဝတီမြစ် နှင့် ဆက်စပ်နေသော ငဝန် မြစ်ရေသည် ငါးသိုင်းချောင်း မြို့၌ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခန့် ကျော်လွန်နေပြီး နောက်ငါးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိ နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

“ခန္တီးမှာမြစ်ရေလျှံလို့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ်။ ကယ်ဆယ်ရေးစခန်း ၁၄ ခုလောက် ဖွင့်ထားရတယ်” ဟု ခန္တီးဒေသခံကိုမျိုးက The ladies သို့ပြောသည်။

ချင်းတွင်း မြစ်ရေသည် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ခန္တီးမြို့၌ အမြင့်ဆုံး မြင့်တက်နေကာ စိုးရိမ်ရေမှတ် အထက်သို့ ခြောက်ပေခန့် အထိ ကျော်လွန်နေပြီး နောက်နှစ်ရက် အတွင်း သုံးပေခန့် ကျဆင်း နိုင်သော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနိုင်သည်။  လတ်တလော အခြေအနေတွင် ခန္တီးမြို့သည် ကျန်ဒေသ များထက် ရေလွှမ်းမိုးမှု ဒဏ်ကို ပိုမိုရင်ဆိုင် နေရပြီး အိမ်ခြေ ၇ဝဝ ခန့်မှ လူဦးရေ ၃,၅ဝဝ ကျော် ရေဘေးသင့် နေကာ ကယ်ဆယ်ရေး စခန်း ၁၄ ခု ဖွင့်ထားရကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့ တို့၌လည်း ချင်းတွင်းမြစ်ရေ သည် စိုးရိမ်ရေမှတ် အထက်သို့ ရောက်နေပြီး ရေဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေရကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဇော်မင်းထွန်း
The Ladies News

No comments: