Friday, July 29, 2016

ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် “ဝ”နှင့် မိုင်းလားအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA “၀”အဖွဲ့နှင့် NDAA (မိုင်းလား)အဖွဲ့တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ရှမ်းပြည်နယ်အထူးဒေသ(၂)မှ UWSA “၀”အဖွဲ့ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ ဦးဆောင်သောအဖွဲ့နှင့် ရှမ်းပြည်နယ်အထူးဒေသ(၄)မှ NDAA (မိုင်းလား) အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သောအဖွဲ့တို့အား ခင်မင်ရင်းနှီးစွာ တွေ့ဆုံသည်။


အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး UWSA “၀”အဖွဲ့မှ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရိနှင့် တာဝန်ရှိသူများ၊ NDAA(မိုင်းလား)အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူရွေးချယ်သည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရန် တပ်မတော်အနေဖြင့် လမ်းခင်းလုပ်ဆောင်ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ်ဖြင့် ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကိုလုပ်ဖော်ကိုင်ဖက်များအဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲလုပ်ဆောင်ရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။


ယင်းနောက် NDAA (မိုင်းလား)အဖွဲ့မှ ဦးစိုင်းလင်းနှင့် UWSA “၀”အဖွဲ့မှ ကျောက်ကော်အမ်းတို့က သက်ဆိုင်ရာနယ်မြေအလိုက် ငြိမ်းချမ်းရေးနှင့် ­ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှုအခြေအနေများ၊ ဒေသအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တွေ့ဆုံပွဲအပြီးတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

Senior General Min Aung Hlaing

No comments: