မလေးရှားနိုင်ငံရှိ
ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၇၀၀ ခန့်အား ကုမ္ပဏီတစ်ခု၏ လှူဒါန်းမှုဖြင့်
ပြည်တွင်းသို့ ပြည်လည်ပို့ဆောင်မည့် အစီအစဉ် ပျက်ပြယ်သွားကြောင်း
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ဇူလိုင် ၂၇ ရက် သတင်းထုတ်ပြန်ချက်အရ
သိရသည်။
ဖိုးလမင်းထရိတ်ဒင်းကုမ္ပဏီ၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးမိုးနိုင်နှင့် အဖွဲ့၏ လှူဒါန်းမှုဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသား ၇၀၀ ခန့်အား မြန်မာလေကြောင်းပိုင် လေယာဉ်ငါးစင်းဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေသော်လည်း အလှူရှင်မှ ကမ်းလှမ်းအဆိုပြုချက်ကို ပြန်လည် ရုပ်သိမ်းခဲ့သဖြင့် မြန်မာသံရုံးမှ မူလအစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းထုတ်ပြန်သည်။
သို့သော် မြန်မာသံရုံး အနေဖြင့် ထိန်းသိမ်းရေးစခန်းများသို့ အလှည့်ကျသွားရောက်၍ ထိန်းသိမ်းခံ မြန်မာလုပ်သားများ အပါအ၀င် နိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများကို အမြန်ဆုံး ပြန်လည်ပို့ဆောင် နိုင်ရေးအတွက် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းစဉ်များအား ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် ကူညီစောင့်ရှောက် ပေးမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား ပြည်တွင်းသို့ ပြန်လည်ပို့ဆောင် နိုင်ရေးအတွက် ဇူလိုင် ၁၄ ရက်တွင် မလေးရှားနိုင်ငံ၊ Klia Camp စခန်းသို့ သွားရောက်၍ ထိန်းသိမ်းခံထားရသူများအနက် အမျိုးသမီး သုံးဦး၊ အမျိုးသား ၂၀၂ ဦး၊ စုစုပေါင်း ၂၀၅ ဦးအား တွေ့ဆုံစစ်ဆေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံခဲ့သူများအနက် အမျိုးသမီးသုံးဦး၊ ကျန်းမာရေးချို့တဲ့သူ ငါးဦး၊ အသက်ငယ် သူ ၁၂ ဦး၊ အသက်ကြီးသူ ၁၇ ဦး၊ ထိန်းသိမ်းရေးစခန်းတွင် အနေကြာ ထိန်းသိမ်းခံထားရ သူ ၆၄ ဦး အထောက်အထား မူရင်းတင်ပြနိုင်သူ ရှစ်ဦးနှင့် ထပ်မံရောက်လာသူ ၁၃ ဦး၊ စုစုပေါင်း ၁၂၂ ဦးတို့ ပါဝင်ကြောင်း၊ ၎င်းတို့မှာ Camp ထဲတွင် နေထိုင်ရေး အခက်အခဲ ဖြစ်ခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်းနှင့် အနေကြာ ထိန်းသိမ်းခံထားရခြင်းတို့ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်သည့် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ဝေဒနာများ ခံစားနေရကြောင်း မြန်မာသံရုံးမှ သတင်းထုတ်ပြန်သည်။

Writer:
ကြည်နိုင်
http://news-eleven.com/local/22943
No comments:
Post a Comment