Friday, July 29, 2016

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၇၅၀၀၀ ထောက်ပံ့ -------- ------ --------

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ရခိုင်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ် ငန်းများ လုပ်ဆောင်နိုင်ရန် ကျပ်သန်း ၇၅၀၀၀ ပံ့ပိုးပေးထားကြောင်း ဂွမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမြင့်ဝေထံမှ သိရှိရသည်။

အဆိုပါ ကော်မတီအား ၂၀၁၆ ခုနှစ် မေ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီးနောက် ယင်းငွေကို ချထားပေးခြင်းဖြစ်ကာ လက်ရှိတွင် ရခိုင်ပြည်နယ် အစိုးရထံ၌ရှိနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဒေသခံများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို တင်ပြတောင်းဆိုရန် မှာကြားထားကြောင်း သိရသည်။

“ဝန်ကြီးချုပ်တို့ လာတဲ့ခရီးစဉ်အရ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင်တို့ရဲ့ ပြောပြချက်အရဆိုရင် ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ လမ်း၊ တံတား၊ ရေတွင်း၊ ရေကန်၊ တာတမံ ဒါတွေမှာ အသုံးပြုဖို့အတွက် ဒေသခံတွေနဲ့ ထိတွေ့ပြီးတော့ ဒါတွေကို ပေးနေပါတယ်။ လိုအပ်တာတွေကို တောင်းကြပါ။ အကုန်လုံးပေးနိုင်ဖို့တော့ မဆိုဘူး။ ပေးနိုင်တာတွေကို တော်တော်များပေးဖို့ဆိုပြီး ဒေသခံတွေနဲ့ ထိတွေ့ပြီးတော့ တောင်းဆိုမှုတွေ လက်ခံနေတယ်ပေါ့” ဟု ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေကပြောသည်။

လက်ရှိတွင် ဒေသခံများ တင်ပြတောင်းဆိုထားသည်များကို လက်ခံထားပြီး မိုးတွင်းကာလကုန်ခန့်မှ ယင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ လက်ရှိတွင် လျှပ်စစ်မီးရရှိရန်လည်း လိုအပ်သည့်နေရာများ ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးရဖို့လည်း လိုအပ်နေသေးတယ်။ မြို့က မီးစက်နှိုးပြီး ပေးနေရတာဆိုတော့ မီတာက တစ်ယူနစ်ကို ၂၅၀ ကျပ်ပေးရတယ်။ မီးရမယ်ဆိုပြီး မီးကြိုးသွယ်နေတာလည်း ခုထိမရသေးဘူး။ လမ်းတွေကလည်း မကောင်း တခြားပြည်နယ်၊ တိုင်းတွေလို ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တော်တော်လုပ်ယူရဦးမယ်” ဟု ဂွမြို့မှ
ဦးအောင်နိုင်က ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်အရေး၊ လူမျိုးရေးပဋိပက္ခများနှင့် ရှုပ်ထွေးမှုများရှိနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲ၍ ရေလမ်းကိုသာ အဓိကထား သွားလာနေရကာ ဒုတိယဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

MMK
The Ladies News

No comments: