Friday, July 29, 2016

" အုတ်ကန်ဟောင်း ဆင်းဆယ်သည့် အမျိုးသားလေးဦး အသက်သေဆုံး "


မူဆယ်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ရေကန်ဟောင်းအတွင်းသို့ ဆင်းခဲ့သည့် လူ ၄ဦး အသက်ရှုကျပ်သေဆုံးခဲ့ပြီး ၁ ဦးကို ဆေးရုံတင်ပို့ထားရကြောင်း မူဆယ်မြို့မ ရဲစခန်းမှ သတင်းရရှိသည်။

မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ လမ်းသွယ်(၃) ရှိ တိုက်အိမ်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ယနေ့ နံနက် ၉ နာရီကျော်က ယင်း လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မူဆယ်မြို့မ ရဲစခန်း စခန်းမှုး ဒုတိယရဲမှူး အေးမြင့်က ပြောသည်။

ဆောက်လုပ်ဆဲတိုက်အိမ်အနီးမှ အနက် ၁၅ ပေ အကျယ် ၁၀ ပေရှိ အုတ်ကန်ဟောင်းကို ပြန်လည်ဆယ်ယူရန် ပန်းရံအလုပ်သမားတစ်ဦးက ဆင်းသွားစဉ် ကန်အတွင်း အသက်ရှုကျပ်နေကြောင်း အော်ဟစ်အသိပေး၍ နောက်ထပ် ပန်းရံအလုပ်သမား သုံးဦးက ဆင်းကယ်ဆယ်စဉ် လေးဦးစလုံး အသက်ရှုကျပ်သေဆုံးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူး အေးမြင့်က ရှင်းပြသည်။

ယင်းဖြစ်စဉ်ကို သိသည့် အိမ်ရှင်အမျိုးသားကလည်း ကယ်ဆယ်ရန် ကန်အတွင်းဆင်းသွားစဉ် အသပ်ရှုကျပ်၍ သတိလစ်သွားပြီး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။

ဒုတိယရဲမှုး အေးမြင့်က " ၅ ယောက်စလုံးကို ဆေးရုံအမြန်ပို့ခဲ့ပေမယ့် ၄ယောက်က အသက်မမီတော့ဘူး။ ဆေးရုံက ဆရာ/ဆရာမတွေလည်း အတော် အားထုတ်ခဲ့ပေမယ့် မရတော့ဘူး။ အိမ်ရှင်ကတော့ သတိလစ်နေပေမယ့် အခု အသက်ပြန်ရှုနေပြီ" ဟု ယနေ့နေ့လည် ၁၂နာရီ ၃၀မိနစ်ခန့်က ပြောသည်။

သေဆုံးသူ အမျိုးသား ၄ဦးမှာ အခြားဒေသမှ လာရောက်၍ မူဆယ်တွင် ပန်းရံလုပ်ငန်း လုပ်နေသူများဖြစ်ကာ မိတ္တီလာမြို့မှ ၂ယောက်၊ ပုသိမ်ကြီးမြို့မှ ၁ယောက်နှင့် ငါးသိုင်းချောင်းမြို့မှ ၁ယောက်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments: